ထား၀ယ် မယ်ဝေးတောင်ပေါ်စခန်းတိုက်ပွဲ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး

ဖေဖော်ဝါရီ၊ ၇
 
တနင်္သာရီတိုင်းဒေသကြီး ထား၀ယ်မြို့နယ် သပြေချောင်းရွာရှိ စစ်​​ကောင်စီရဲ့ မယ်ဝေးတောင်ပေါ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဖက်က နှစ်ဦး သေဆုံးခဲ့ပြီး သေနတ် သုံးလက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဗထူးတပ်မတော် (BHA) အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာ၀န်ခံ ကိုထက်မြက်က DNA ကိုအတည်ပြုပြောပါတယ်။
 
“ ကျနော်တို့ ၀င်တိုက်ချိန်မှာ အဲစခန်းမှာ ငါးကောင်ပဲရှိတယ်၊ တဦးကတော့ သေပြီးကျန်ခဲ့တယ်၊ ကျန်တဲ့ လေးကောင်ကတော့ ထွက်ပြေးသွားတယ်၊ သေနတ်တွေတော့ ကျန်ခဲ့တာပေါ့၊ ထွက်ပြေးသွားတဲ့ကောင်တွေလည်း ဒဏ်ရာကတော့ ပြင်းပြင်းထန်ထန်ရသွားတယ်၊ နောက်ဆက်တွဲသတင်းအရတော့ နောက်တယောက် ထပ်သေသွားတယ် ” လို့ ကိုထက်​မြက်က ဆိုပါတယ်။
 
မနေ့က ဖေဖော်ဝါရီလ ၆ ရက် ညနေ ၄ နာရီခွဲအချိန်လောက်မှာ စတင်ပြီး မယ်ဝေးတောင်ပေါ်စခန်းကို ဒေသတော်လှန်ရေးတပ်တွေဖြစ်ကြတဲ့ ဗထူးတပ်မတော် (BHA) နဲ့ ထား၀ယ်စုပေါင်းစစ်ကြောင်း (DCC) အဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ အဲဒီအဖွဲ့တွေက ရုပ်သံနဲ့တကွ ပူးတွဲထုတ်ပြန်ထားပါတယ်။
 
ရုပ်သံမှတ်တမ်းတွေအရ အဲဒီစစ်စခန်းကို တော်လှန်ရေးအဖွဲ့တွေက ဝိုင်း၀န်ပိတ်ဆို့ ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေ ထွက်ပြေးသွားတဲ့အချိန် စခန်းအတွင်း ၀င်ရောက်ပြီးတော့ သေနတ်တွေ သိမ်းဆည်းနိုင်ခဲ့တာကို တွေ့ရပါတယ်။
 
မယ်ဝေးတောင်ပေါ်စခန်းက အမှတ် (၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ခြေမြန်တပ်ရင်း တွေဖြစ်တဲ့ အမှတ်(၄၀၁) နဲ့ (၄၀၂) ကပ်လျက်မှာ တည်ရှိပြီး စစ်ကောင်စီတပ်က အင်အား ဆယ်ဦး၀န်ကျင်လောက်နဲ့ စခန်းချ တပ်စွဲထားတာ သုံးနှစ်၀န်းကျင်လောက်ရှိပြီးလို့ ကိုထက်မြက်က ဆိုပါတယ်။
 
“ ကျနော်တို့ ပစ်၀င်သွားတဲ့နေရာရဲ့ မြောက်ဖက်ကို သူတို့ဆင်းပြေးသွားတယ် တပ်တွေဝိုင်းထားတဲ့ တောင်ကုန်းဖြစ်တာဆိုတော့ အန္တရာယ်တော့များတယ် ဒီလိုပဲ ခက်ခက်ခဲခဲနဲ့ သေချာ ဂရုစိုက်သွားတိုက်ခိုက်ရတာပေါ့ ခက်ခဲမှုတော့ရှိတာပေါ့နော် ” လို့ သူက​ပြောပါတယ်။
 
မယ်ဝေးတောင်ပေါ်စခန်း တိုက်ခိုက်ခံရချိန်မှာ အနီးအနားရှိ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကူလာခဲ့ပေမယ့် တော်လှန်ရေးအဖွဲ့တွေက အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ယခုနှစ်အတွင်း အာဏသိမ်းစစ်တပ်ကို စစ်ရေးအရှိန်​​မြှင့် တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ရေးအသိသတိနဲ့သွားလာနေထိုင်ကြဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါသေးတယ်။
 
ဓာတ်ပုံ – BAHTOO ARMY