တနင်္သာရီတိုင်းမှာ စစ်​ကောင်စီ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်

ဖေဖော်ဝါရီ၊ ၆

လေကြောင်းသုံးတိုက်ခိုက်မှု တခါသာရှိခဲ့ဖူးတဲ့ တနင်္သာရီတိုင်းအတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးပတ်ကစပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
 
“စစ်တပ်ဘက်က ပေးပို့စရာ စစ်ကူလမ်းကြောင်းက လေကြောင်းတခုပဲ ရှိတော့တယ်၊ အဲကြောင့်ပဲ လေယာဥ်တွေ သုံးလာတာပေါ့” လို့ တိုင်းစစ်ဌာန (တနင်္သာရီ) ပြောရေးဆိုခွင့်ရှိသူ ကိုဂျိုကာက DNA ကို ပြောပါတယ်။
 
ကမ်းရိုးတန်းဒေသဖြစ်တဲ့ တနင်္သာရီတိုင်းထဲက တိုက်ပွဲတွေမှာ ရေတပ်စစ်သင်္ဘောတွေကနေ ပစ်ကူပေးလေ့ရှိပေမယ့် လေကြောင်းပစ်ကူပေးတာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလအတွင်းက ထားဝယ်အထူးစီးပွားရေးဇုန်ရှိ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးအဖွဲ့တွေ ဝင်တိုက်တဲ့ တိုက်ပွဲမှာပဲ တခါအသုံးပြုဖူးတာပါ။
 
ဒါပေမယ့် အခုနှစ် ဇန်နဝါရီ ၃၀ ရက်​​က​နေ ဖေဖော်ဝါရီ ၅ ရက်အထိ တပတ်အတွင်းမှာပဲ တနင်္သာရီတိုင်းထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းသုံးတိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်မှာ ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာက စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲတဲ့အချိန်ကစပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လုပ်လာတာပါ။
 
“ပထမတော့ (ရဟတ်ယာဥ်)တစီးပဲ လာတယ်၊ ဗုံးကြဲရင်း ဗုံးကုန်သွားလို့လားမသိဘူး၊ ပြန်သွားတယ်၊ ပြီးတာနဲ့ နှစ်စီး ထပ်လာကြဲတယ်၊ အဲဒါနဲ့ ကျနော်တို့ အထိအခိုက်များလို့ ပြန်ဆုတ်လာခဲ့ရတယ်” လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ပုလောစစ်ကြောင်း (၁) တာဝန်ရှိသူတဦးက ပြောပါတယ်။
 
အလားတူပဲ ဖေဖော်ဝါရီ ၂ ရက်ကလည်း တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာဘက်က တိုက်ပွဲမှာ ရဟတ်ယာဥ်နဲ့ နှစ်ကြိမ် တိုက်ခိုက်ခဲ့သလို တိုက်ပွဲမရှိတဲ့ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာကိုလည်း ဗုံးကြဲခဲ့သေးတယ်လို့ သိရပါတယ်။
 
“၈၁၊ ၁၂၀ ဗုံးသီးတွေကို ရဟတ်ယာဥ်ပေါ်ကနေ ပစ်ချတာ၊ လက်နဲ့ပဲ ပစ်ချတာ” လို့ ဘန်လောကျေးရွာ တိုက်ပွဲမှာ ပါဝင်ခဲဲ့တဲ့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဒါ့အပြင် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာလည်း ထိုင်း-မြန်မာ နယ်စပ်အနီး တနင်္သာရီမြို့နယ်၊ မောတောင်ငယ်ရွာ အနားမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဂိတ်စခန်းတခုကို စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့ ဗုံးကြဲခဲ့ပါသေးတယ်။
 
အဲဒီတိုက်ခိုက်မှုမှာလည်း စစ်ကောင်စီတပ်က စက်သေနတ်တွေနဲ့ ပစ်ခတ်တာမဟုတ်ဘဲ စိန်ပြောင်းပစ်ခတ်ရာမှာအသုံးပြုတဲ့ ၈၁ မမ ဗုံးသီးတွေကို ရဟတ်ယာဥ်ပေါ်ကနေ လက်နဲ့ ပစ်ချတာလို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
 
အခုလို တနင်္သာရီတိုင်းထဲက လေကြောင်းတိုက်ခိုက်မှုတွေမှာတော့ Mi 2 အမျိုးအစား ရဟတ်ယာဥ်တွေ အသုံးပြုနေပြီး အဲဒီရဟတ်ယာဥ်တွေဟာ မြိတ်မြို့မှာရှိတဲ့ လေတပ်စခန်းကနေ တက်လာကြတာလို့ ဒေသခံတွေက ပြောပါတယ်။
 
“အရင်ကထက် အခက်အခဲတွေလည်း ပိုများလာတာပေါ့၊ ကျနော်တို့မှာ လေယာဥ်ပစ်လည်း ရှိတာမဟုတ်တာကို၊ ပြည်သူတွေအတွက်လည်း အန္တရာယ်ပိုများလာတော့မယ်” လို့လည်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) တာဝန်ရှိသူတဦးက ပြောပါတယ်။
 
တိုင်းစစ်ဌာန (တနင်္သာရီ) ပြောရေးဆိုခွင့်ရှိသူ ကိုဂျိုကာကတော့ တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးအင်အားစုတွေဘက်က စစ်ရေးအရှိန်မြှင့်ပြီး စခန်းသိမ်းတိုက်ပွဲတွေ ပိုများလာမှာ ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုတွေ ပိုများလာနိုင်တယ်လို့ ပြောပါတယ်။
 
“ပြည်သူတွေအနေနဲ့ကတော့ ကျနော်တို့ အမြဲတမ်းထုတ်ပြန်နေတဲ့ လေကြောင်းရန်ကာကွယ်ရေး နည်းလမ်းတွေအတိုင်း လိုက်နာစေချင်တယ်၊ ကျနော်တို့ ရဲဘော်တွေလည်း လိုအပ်တဲ့ လေကြောင်းရန်ကာကွယ်ရေး ကိစ္စရပ်တွေ ဆောင်ရွက်ပေးပါမယ်” လို့ ကိုဂျိုကာက ပြောပါတယ်။
 
တနင်္သာရီတိုင်းအတွင်း ပထမဆုံး ရှေ့တန်းစခန်းသိမ်းတိုက်ပွဲ အနေနဲ့ကတော့ ထားဝယ်မြို့နယ်၊ ဘန်းချောင်းဒေသအခြေစိုက် ကျောက်ထုစခန်းကို ဇန်နဝါရီ ၂၄ ရက်က ကာကွယ်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲတုန်းကတော့ လေကြောင်းသုံးခုခံတာ မရှိခဲ့ပါဘူး။
 
ဓာတ်ပုံ – Google