ဖေဖော်ဝါရီ၊ ၆
ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ ဈေးနှုန်းဆက်တိုက်မြင့်တက်ကာ အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ကျပ် ၃၉ သိန်းအထိ မြင့်တက်ခဲ့ပေမယ့် အရောင်းအဝယ် မဖြစ်တာကြောင့် အခုလ ပထမပတ်အတွင်းမှာတော့ ဈေးပြန်ကျနေတယ်လို့ ရွှေကုန်သည်အသိုင်းအဝိုင်းက ပြောပါတယ်။
“ ရွှေက ၃၉ သိန်းအထိ အမြင့်ဆုံးတက်ပေမယ့် အရောင်းအဝယ်မဖြစ်တော့ ဈေးပြန်ကျလာပြီး အရောင်းအဝယ်လိုက်မလားလို့ ဈေးကစားနေတဲ့ သဘောပါ “ လို့ ရန်ကုန်မြို့၊ သာကေတ မြို့နယ်မှာ ရွှေဆိုင်ဖွင့်ထားတဲ့ ရွှေကုန်သည် အမျိုးသားတဦးက ပြောပါတယ်။
လတ်တလော ပြည်တွင်းရွှေ ဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မတည်ငြိမ်မှုတွေ ရှိနေပြီး ဒါဟာ ဈေးကစားမှု တွေကြောင့်ဖြစ်နေတာလို့ ရွှေကုန်သည်တချို့က သုံးသပ်ကြပါတယ်။
“အာဏာသိမ်း သုံးနှစ်ပြည့်တာနဲ့ ဆိုင်ပါတယ်၊ ဝယ်ရောင်း ဒိုင်ကြီးတွေက ဈေးကစားကြည့်ကြတာပါ၊ ဈေးငြိမ်ခဲ့တာလည်း ကြာနေပြီဆိုတော့ အလှုပ်အခတ်လေး လုပ်ကြည့်တဲ့ သဘော” လို့ အထက်ပါ ရွှေကုန်သည်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က တကျပ်သား ကျပ် ၃၉ သိန်းအထိ ဈေးနှုန်းမြင့်တက်ခဲ့တဲ့ အကယ်ဒမီ မီလင်းရွှေ ဒီကနေ့မနက်ပိုင်းမှာ ကျပ် ၃၈ သိန်းကျော် ရှိနေပြီး အဲဒီကြားကာလအတွင်း ဈေးနှုန်းမတည်ငြိမ်မှုတွေ ဆက်တိုက်ရှိခဲ့ပါတယ်။
အကယ်ဒမီ မီးလင်းရွှေဟာ ဖေဖော်ဝါရီ ၁ ရက် မှာ ၃,၈၆၅,၀၀၀ ကျပ်၊ ဖေဖော်ဝါရီ ၂ ရက်မှာ ၃,၈၇၀,၀၀၀ ကျပ်၊ ဖေဖော်ဝါရီ ၃ ရက်မှာ ၃,၈၁၀,၀၀၀ ကျပ်၊ ဖေဖော်ဝါရီ ၄ ရက်မှာ ၃,၈၀၀,၀၀၀ ကျပ်၊ မနေ့က ၃,၈၂၅,၀၀၀ ကျပ်ပေါက်ဈေးနဲ့ ဒီမနက်မှာတော့ ၃,၈၃၀,၀၀၀ ကျပ်ပေါက်ဈေး ရှိခဲ့တာဖြစ်ပါတယ်။
ရွှေအရောင်းအဝယ်ဒိုင်ကြီးတွေက ဈေးကစားတာတွေ လုပ်နေပေမယ့်လည်း အရောင်းအဝယ်က ထင်သလောက်မလိုက်တာကြောင့် ရွှေဈေးနှုန်းက ထပ်ပြီး ကျဆင်းလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ကမ္ဘာရွှေ့တအောင်စကို မနေ့က ဖေဖော်ဝါရီ ၅ ရက် ၂,၀၃၂ ဒေါ်လာ ပေါက်ဈေးရှိခဲ့ပြီး ဒီနေ့မှာတော့ ၂,၀၂၈ ဒေါ်လာအထိ အနည်းငယ်ကျဆင်းခဲ့ပါတယ်။
နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေကတော့ ဖေဖော်ဝါရီ ၅ ရက် မနေ့က အမေရိကန် တဒေါ်လာ ၃,၅၂၅ ကျပ်၊ တယူရို ၃,၈၄၆ ကျပ်၊ စင်္ကာပူတဒေါ်လာ ၂,၆၁၅ ကျပ်၊ တရုတ်တယွမ် ၄၉၀ ကျပ်နဲ့ ထိုင်းတဘတ်ကို ၁ဝဝ ကျပ်အထိ ပေါက်ဈေးရှိခဲ့ပါတယ်။
ဒါပေမယ့် ဖေဖော်ဝါရီ ၆ ရက်ဒီကနေ့မှာတော့ အမေရိကန် တဒေါ်လာ ၃,၅၁ဝ ကျပ်၊ တယူရို ၃,၈၀၇ ကျပ်၊ စင်္ကာပူ တဒေါ်လာ ၂,၆၀၅ ကျပ်၊ တရုတ်တယွမ် ၄၉၀ ကျပ်နဲ့ ထိုင်းတဘတ်ကို ၉၉ ဒသမ ၅၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး နေရာနဲ့ အချိန်အလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။
ဓာတ်ပုံ – Google