ဖေဖော်ဝါရီ၊ ၆
တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့ပေါ်က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်ရင်းနှစ်ခုဖြစ်တဲ့ ခမရ (၃၇၉) နဲ့ ခမရ (၅၄၁) တို့ကို ရက္ခိုင့်တပ်တော် (AA)က အခုရက်ပိုင်းအတွင်း အပြီးသတ်သိမ်းပိုက်လိုက်ပြီး လက်နက်ချအညံ့ခံသူ ရာချီရှိတယ်လို့ စစ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
“မနေ့ကနဲ့ တနေ့ကရက်တွေမှာ လေယာဉ်တွေနဲ့ အကြိမ်လေး၊ ငါးဆယ်လောက် လာပစ်တယ်၊ နောက်ဆုံး ဘယ်လိုမှ မခံနိုင်လို့ လက်နက်ချကြတာ၊ အခု တပ်ရင်းတွေ အကုန်လုံးကို ရသွားပြီ” လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ဒီနေ့မနက်ပိုင်းမှာ ပြောပါတယ်။
AA ဟာ မင်းပြားမြို့ပေါ်မှာရှိတဲ့ ခမရ (၃၈၀)၊ (၃၇၉)၊ (၅၄၁) တပ်ရင်းတွေနဲ့ တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်က တည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး တလနီးပါးအကြာမှာ အားလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။
အဲဒီထဲက ကျိန်းတောင်တောင်ပေါ်ရှိ လက်နက်ကြီး အထိုင်ချစခန်းတွေကို ရက်ပိုင်းအတွင်းမှာပဲ သိမ်းပိုက်ရရှိခဲ့ပြီး (၃၈၀) တပ်ရင်းကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ AAက ထုတ်ပြန်အသိပေးထားပါတယ်။
နောက်ထပ်လက်ကျန်တပ်ရင်းတွေကို သိမ်းပိုက်နိုင်ပြီဆိုတာကိုတော့ AA နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ဘက်က အတည်ပြု ထုတ်ပြန်တာ မရှိသေးပါဘူး။
“လက်နက်ချတဲ့ ကောင်တွေနဲ့ မိသားစုတွေကို ကိုယ့်ဖက် (AA)က ကားတွေနဲ့ ရွေ့ပြောင်းတာတွေ လုပ်နေကြတယ်၊ မနက်ကလည်း ကားတွေသွားတာတွေ့တယ်” လို့ မင်းပြားဒေသခံ နောက်တဦးက ပြောပါတယ်။
လက်နက်ချအညံ့ခံခဲ့တဲ့အထဲ စစ်ကောင်စီ တပ်ရင်းမှူးလည်း ပါ၀င်ပြီး အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အတိအကျ မသိရဘူးလို့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
မင်းပြားမြို့ပေါ် တပ်ရင်း၊ တပ်စခန်းအားလုံးကို AA က သိမ်းပိုက်နိုင်ခဲ့တာကြောင့် မင်းပြားမြို့နယ်အတွင်း အမှတ် (၉) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း ကလွဲရင် စစ်ကောင်စီတပ်စခန်းတွေ မရှိတော့ဘူးလို့ စစ်ရေးနဲ့ နီးစပ် သူဒေသခံတွေက ပြောကြပါတယ်။
“တိုင်းဗဟို (၉) ပဲ ကျန်တော့မယ်၊ အဲဒါကလည်း ဟိုးဘက်မှာပါ၊ မင်းပြားမြို့တဝိုက်မှာက တခုမှ မကျန်တော့ဘူး” လို့ မင်းပြား ဒေသခံက ပြောပါတယ်။
အခုလက်နက်ချအညံ့ခံခဲ့တဲ့ ခမရ (၃၇၉) နဲ့ (၅၄၁) တပ်ရင်းတို့ကို ရက်အတန်ကြာ ဝိုင်း၀န်းပိတ်ဆို့ တိုက်ခိုက်နေခဲ့တာဖြစ်ပြီး လက်နက်ချအညံ့ခံဖို့ သတိပေးတာတွေလည်း AA က ဆက်တိုက်လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ မင်းပြားမြို့အနီး ကြပ်စင်မြစ်ထဲ စစ်ကူရောက်နေတဲ့ စစ်ကောင်စီတပ်စစ်ရေယာဉ် (နေဗီ)တွေဟာလည်း တပ်ဆုတ်သွားခဲ့ကြပြီလို့ ဆိုပါတယ်။
“မနက်အစောကြီး မိုးမလင်းခင်က စစ်တွေဘက်ကို ဆင်းပြေးသွားကြတယ်၊ လမ်းတလျှောက်လုံး ပစ်ပြီး ဆင်းသွားတာ” လို့ မင်းပြားမြို့နယ်နဲ့ ကပ်ရပ်မှာ တည်ရှိတဲ့ ပေါက်တောမြို့နယ် ဒေသခံတဦးက ပြောပါတယ်။
ရခိုင့်တပ်တော် AA ဟာ မင်းပြားမြို့ရဲ့ တောင်ဘက်က ပေါက်တောမြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း အလုံးစုံသိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မင်းပြားမြို့ကို ပိုမိုဖိအားပေး ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ မင်းပြားမြို့ပေါ် တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ရာချီပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှု အကြိမ်တရာနီးပါးအထိ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒါ့အပြင် ရေကြောင်းကနေလည်း ပစ်ကူပေးကာ စစ်ကူပို့တာတွေ အကြိမ်ကြိမ် ရှိခဲ့ပေမယ့် AA ရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် တပ်ရင်းတွေဆီ စစ်ကူမရောက်ဘဲ လှည့်ပြန်ခဲ့ရတာတွေသာ ရှိခဲ့တယ်လို့ ဆိုကြပါတယ်။
ရက္ခိုင့်တပ်တော် (AA)ဟာ မင်းပြားအပြင် မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ် တို့အတွင်းက တပ်ရင်း၊ တပ်မ ဌာနချုပ်တွေကိုလည်း တိုက်ခိုက်နေပြီး မြောက်ဦးမြို့ပေါ်မှ ခမရ (၅၄၀)၊ ခမရ (၃၇၉)၊ ကျောက်တော်မြို့နယ်မှ ခမရ (၃၇၄)၊ ခမရ (၃၇၆)၊ ခမရ (၅၃၉)၊ အမတ (၃၇၇) တို့ကို သိမ်းပိုက်ရရှိထားပါတယ်။
ဒါ့အပြင် မင်းပြားမြို့နယ်နဲ့ စစ်တွေမြို့တို့ရဲ့ကြားမှာ တည်ရှိတဲ့ ပေါက်တောမြို့နယ် တခုလုံးနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
ဓာတ်ပုံ – AA Info Desk (ပုံဟောင်း)