ဇန်နဝါရီ၊ ၂၄
တောင်ကိုရီးယားအစိုးရက ခေါ်ဖို့မရှိသေးဘူးလို့ တရားဝင်ငြင်းဆိုထားပေမယ့် ရန်ကုန်မြို့မှာ တောင်ကိုရီးယားကို ရာသီချိန်လုပ်သားအဖြစ် သွားရမယ်ဆိုပြီး ငွေကြေးလိမ်လည်မှုတွေ အများအပြားဆက်ရှိနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေနဲ့ အလုပ်အကိုင်အေဂျင်စီ အသိုင်းအဝိုင်းက ပြောပါတယ်။
ငွေလိမ်သူတွေက ရာသီချိန်လုပ်သား စလွှတ်ခွင့်ရနေပြီဆိုကာ ငွေကြိုသွင်းစေပြီး ဟန်ပြသင်တန်းတက်ခိုင်းကာ အလုပ်ခေါ်ချိန်ကို စောင့်ဆိုင်းစေတာမျိုး လုပ်နေကြတာလို့ ကိုယ်တိုင်ကြုံရသူတချို့က DNA ကိုပြောပါတယ်။
“ အေဂျင်စီဆိုပြီး အလုပ်သမားတွေကို စုပြီး လိမ်နေတာ အများကြီး၊ သူတို့က ကိုရီးယားဘာသာ သင်ပေးတဲ့ဆရာ ငှားပြီး ယုံအောင်သင်တန်းတက်ခိုင်းတယ်၊ သင်တန်းက တပတ်နှစ်ရက်တတ်ရတာ ရှိသလို အမြန်သင်တန်းဆိုရင် ငါးရက်တဆက်တည်း တက်ရတယ် ” လို့ ကိုယ်တိုင်ငွေလိမ်ခံထားရသူတဦးက ပြောပါတယ်။
သင်တန်းမတက်ခင် ငွေအပြည့်သွင်းခိုင်းတဲ့ လိမ်လည်သူတွေ ရှိသလို နှစ်ရစ်ခွဲ ပေးသွင်းခိုင်းတာလည်းရှိပြီး ပျှမ်းမျှ တဦးကို ကျပ်သိန်းသုံးဆယ်လောက် ပေးရတယ်လို့ သင်တန်းတက်ရောက်ခဲ့သူတွေက ဆိုပါတယ်။
“ အေဂျင်စီလို့တော့ သူတို့ကပြောတာပဲ “ကျော်” အဖွဲ့လို့ ပြောတယ်၊ အဲဒီအဖွဲ့ကို ဒေါ်သီတာရွှေ ဦးဆောင်တာ၊ ပထမ ဆယ်သိန်း သွင်းခိုင်းတယ်၊ နောက်ထပ် ၁၆ သိန်း ထပ်သွင်းခိုင်းတာ မယုံတော့လို့ မသွင်းတော့ဘဲ ပထမဆယ်သိန်း ပြန်တောင်းတော့ မရတော့ဘူး၊ အထက်ကို တင်လိုက်ပြီဆိုပြီး ပြောတယ်၊ ဆယ်သိန်းဆုံးသွားတာပေါ့၊ ကိုယ်တွေတဖွဲ့တည်းကို လူငါးဆယ်လောက်ရှိတယ်။ တခြားအဖွဲ့တွေပါဆို မနည်းဘူး ” လို့ ကိုယ်တိုင်ကြုံခဲ့ရသူတဦးက ပြောပါတယ်။
အဲဒီလိုလိမ်လည်တာဟာ အေဂျင်စီအမည်ခံပြီး ပွဲစားတွေက လုပ်နေတာဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီ အသိုင်းဝိုင်းက ဆိုပါတယ်။
စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ တောင်ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သား စေလွှတ်လိုတဲ့ အေဂျင်စီတွေ လျှောက်ထားခွင့်ပြုလို့ အေဂျင်စီတချို့ လျှောက်ခဲ့ကြပေမယ့် အလုပ်သမားစေလွှတ်နိုင်မယ့် အခြေအနေ မရေရာတာကြောင့် လုပ်ငန်းလည်ပတ်သူ မရှိသေးဘူးလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တဦးက ရှင်းပြပါတယ်။
“ တရားဝင်အေဂျင်စီတွေက စိတ်ဝင်စားလို့ စာရင်းပေးထားတာပဲ ရှိတယ်၊ ဟိုဘက်က အလုပ်သမားခေါ်ဖို့ ခွင့်မပြုတော့ ဘာမှဆက်လုပ်မရဘူး၊ အခုဖြစ်နေတာက ပွဲစားတွေ လိမ်နေတာ၊ ရန်ကုန်မြို့မှာကို တော်တော်ဆိုးဆိုး ဖြစ်နေတာ ” လို့ သူကပြောပါတယ်။
တောင်ကိုရီးယားအစိုးရဟာ မြန်မာနိုင်ငံကနေရာသီချိန်လုပ်သားခေါ်မယ်ဆိုတဲ့သတင်းတွေကိုငြင်းဆိုထားရုံသာမကဘဲ သက်ဆိုင်ရာပြည်နယ်အစိုးရတွေကို အဲဒီလုပ်သားခေါ်ယူရေးနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ MoU လက်မှတ် ရေးထိုးတာတွေမလုပ်ဖို့ညွန်ကြားချက်တွေလည်းထုတ်ထားပါတယ်။ါတယ်။
တောင်ကိုရီးယားအစိုးရဟာ မြန်မာနိုင်ငံကနေ ရာသီချိန်လုပ်သား ခေါ်မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုထားရုံသာမကဘဲ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေကို အဲဒီလုပ်သားခေါ်ယူရေးနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ MoU လက်မှတ် ရေးထိုးတာတွေ မလုပ်ဖို့ ညွှန်ကြားချက်တွေလည်း ထုတ်ထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကနေ ရာသီချိန်လုပ်သား ခေါ်မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ နှစ်ဝက်အတွင်း ရန်ကုန်မြို့ရှိ တောင်ကိုရီးယားသံရုံးက မဟုတ်မှန်ကြောင်းနှ စ်ကြိမ် ရှင်းလင်းထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် အလုပ်သမားတွေကြားမှာတော့ ရာသီချိန်လုပ်သား စေလွှတ်ခွင့်ရနေပြီဆိုတာကို ယုံကြည်နေကြတာကြောင့် ပွဲစားတွေရဲ့ လိမ်လည်မှုကို ခံနေကြရတာ ဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ထောက်ပြပါတယ်။
ဓာတ်ပုံ – Social Media (ပုံဟောင်း)
ပုံစာ- နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးမှာ ရာသီချိန်လုပ်သားဆိုင်ရာ သင်တန်းတခု ပြုလုပ်နေစဉ်။