ပင်လယ်ဖက်ကို မြောက်ကိုရီးယား ခရုစ်ဒုံးကျည်တွေ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားပြော

ဇန်နဝါရီ၊ ၂၄

မြောက်ကိုရီးယားက ပင်လယ်ပြင်ဖက်ကို ဒုံးကျည်တချို့ ပစ်ခတ်ခဲ့ပြီး အဲဒီ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းမှာ ကိုရီးယားကျွန်းဆွယ် အနောက်ဖက် ပင်လယ်ပြင်ဆီ ပဲ့ထိန်း ခရုစ်ဒုံးကျည်တချို့ ပစ်ခတ်ခဲ့ခြင်းက မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ လက်နက် အင်အားပြမှုတွေ အတောမသတ်သေးဘူး ဆိုတာကို မြင်သာလာစေကြောင်း တောင်ကိုရီးယား ပူးပေါင်း စစ်ဆင်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တွေဟာ မြောက်ကိုရီးယား ဒုံးကျည် ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ အလေးအနက် ဆန်းစစ် လေ့လာနေတယ်လို့ ပူးပေါင်း စစ်ဆင်ရေး ဌာနက ပြောပေမယ့် ဒုံးကျည် အရေအတွက်နဲ့ ပျံသန်းမှု လမ်းကြောင်းတွေကိုတော့ လောလောဆယ် မထုတ်ပြန်သေးပါဘူး။

၂၀၂၄ ခုနှစ်ထဲ ချဉ်းနင်း ဝင်ရောက်လာတာ တလမပြည့်သေးပေမယ့် မြောက်ကိုရီးယားဟာ အခုလို ဒုံးကျည် စမ်းသပ် ပစ်ခတ်တာတွေကို နှစ်ကြိမ် လုပ်ဆောင်ထားပြီးပါပြီ။ ဇန်နဝါရီ ၁၄ ရက်တုန်းကလည်း နိုင်ငံရဲ့ ပထမဆုံး လောင်စာခဲ နည်းပညာသုံး တာလတ်ပစ် ပဲ့ထိန်း ဒုံးကျည်ကို လက်တွေ့ စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားက ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက နျူကလီးယားနဲ့ တိုက်ချင်းပစ်ဒုံးကျည် လက်နက်နည်းပညာတွေ ဖန်တီးမှုကို အရှိန်မြှင့်နေသလို တဖက်မှာလည်း တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လာတာကြောင့် နှစ်ဖက် တင်းမာမှုတွေက ဆိုးသထက် ဆိုးလာနေပါတယ်။

ဒါ့အပြင် ဂြိုဟ်တုမှတ်တမ်း ဓာတ်ပုံတွေအရ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှာ တည်ဆောက်ထားတဲ့ ကိုရီးယား နှစ်နိုင်ငံ ပြန်လည် သင့်မြတ် ပေါင်းစည်းရေး အထိမ်းအမှတ် မုခ်ဦးကြီးကို အခုအခါ ဖြိုချလိုက်ပြီလို့ ယုံကြည်ရပါတယ်။ အဲဒီ မုခ်ဦးကြီးဟာ လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဖခင်လက်ထက်မှာ နှစ်နိုင်ငံ ပြန်ပေါင်းစည်းရေး ရည်မှန်းချက်နဲ့ တည်ဆောက်ထားတာ ဖြစ်ပေမယ့် အခုနှစ်ဆန်းပိုင်းမှာတော့ ကင်က မျက်စိနောက်လို့ ဖြိုချပစ်မယ်လို့ ကြုံးဝါးထားခဲ့ပါတယ်။

Ref: CNA