ပတ္တယားက လမ်းမတွေမှာ ကားစီးပြီး ပါလာတဲ့ ခြင်္သေ့ကိစ္စ ရဲတပ်ဖွဲ့ စုံစမ်း

ဇန်နဝါရီ၊ ၂၄

ထိုင်းနိုင်ငံ၊ ပတ္တယားမြို့မှာ အမိုးဖွင့်ကားထဲ ခြင်္သေ့တကောင် ခေါ်တင်လာတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့သလို ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ရပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေကြား ရေပန်းစားရာ ကမ်းခြေမြို့ထဲ မောင်းနှင်နေတဲ့ အဖြူရောင် အမိုးဖွင့် Bentley တစီးပေါ်မှာ မြီးကောင်ပေါက်အရွယ် ခြင်္သေ့တကောင် အေးအေးလူလူ စီးနင်းလိုက်ပါလာတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက် မီဒီယာမှာ အရမ်း ပွဲဆူသွားတဲ့နောက် ပတ္တယား ရဲတပ်ဖွဲ့ကပါ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်လာရတာ ဖြစ်ပါတယ်။

အဲဒီ ခြင်္သေ့အမဟာ အိမ်မွေး တိရစ္ဆာန်ဖြစ်ကြောင်း အထောက်အထား အနေနဲ့ လည်ပတ် ဝတ်ဆင်ထားပြီး ပတ်ဝန်းကျင်က လူတွေကို ရန်လိုတာ၊ ခြိမ်းခြောက်တာမျိုး မရှိဘဲ အေးအေးလူလူ ကားစီးပြီး လိုက်လာခဲ့တာကိုလည်း တွေ့ရပါတယ်။

ခြင်္သေ့က အရမ်းလူယဉ်ပုံ ပေါ်ပေမယ့်လည်း ပုံမှန် အိမ်မွေးတိရစ္ဆာန် မဟုတ်တဲ့အပြင် လူတွေကို အန္တရာယ် ပေးနိုင်တဲ့ အခြေအနေကြောင့် ဇန်နဝါရီ ၂၃ ရက်မှာတော့ ပိုင်ရှင်ရဲ့ အိမ်ထိ ရဲတွေက သွားရောက် စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။ ပိုင်ရှင်ဖြစ်သူ တရုတ်လူမျိုးက သူဟာ အဲဒီခြင်္သေ့ကို ဘတ် ၅ သိန်းနဲ့ ဝယ်ယူခဲ့ကြောင်း၊ အရင်က ခြင်္သေ့ ပျောက်သွားတယ်လို့ ရဲတွေဆီ တိုင်ကြားဖူးပေမယ့် နောက်ပိုင်းမှာတော့ အိမ်ထဲမှာပဲ ပုန်းအောင်းနေတာကို ရှာတွေ့ခဲ့ကြောင်း ပြောပါတယ်။

ခြင်္သေ့ကို လှောင်အိမ်ထဲ အမြဲတမ်း ထည့်ထားတာမျိုး မဟုတ်ဘဲ အချိန် အတော်များများမှာ ခြံဝင်းထဲမှာပဲ တခြား အိမ်မွေး တိရစ္ဆာန်တွေလို လွတ်လွတ်လပ်လပ် လွှတ်ထားတယ်လို့ ရဲတွေက ဆိုပါတယ်။ နှစ်ထပ်တိုက်ကြီး တည်ရှိရာ ခြံဝင်းကလည်း လုံလုံခြုံခြုံ တည်ဆောက်ထားကြောင်း ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အိမ်ထဲမှာ လှောင်အိမ် နှစ်ခုရှိနေပြီး တခုက ၄ လသမီးအရွယ် ခြင်္သေ့ကို ထည့်ဖို့နဲ့ နောက်တခုက ခွေးသုံးကောင် နေထိုင်ဖို့ ဖြစ်ပါတယ်။ ခြင်္သေ့ကို ထိုင်းအလယ်ပိုင်း ရတ်ချာဘူရီမှာရှိတဲ့ အမျိုးသမီး တဦးက ပိုင်ဆိုင်တယ်လို့ မှတ်ပုံတင်ထားကြောင်း ရဲတွေက စိစစ် တွေ့ရှိခဲ့ပါတယ်။

လောလောဆယ်တော့ ထိုင်းအမျိုးသား ဥယျာဉ်များ၊ သားရိုင်းတိရစ္ဆာန်နဲ့ အပင်များ ထိန်းသိမ်း စောင့်ရှောက်ရေး ဌာနက အခုကိစ္စကို ကိုင်တွယ် စုံစမ်းနေပါတယ်။ ဌာနရဲ့ အဆိုအရ ခြင်္သေ့မွေးတာဟာ လုံးဝဥဿုံ တရားဥပဒေ ချိုးဖောက်တဲ့ အဆင့်မျိုး မဟုတ်ပေမယ့် ပိုင်ရှင်ဟာ သတ်မှတ်ထားတဲ့ စံနှုန်း၊ စည်းမျဉ်းတွေနဲ့အညီ အာဏာပိုင်တွေဆီ အစီရင်ခံထားဖို့ လိုတယ်လို့ သိရပါတယ်။

ဒါပေမဲ့ လူတွေနဲ့ ကားအသွားအလာ ထူထပ်ရာ ဧရိယာတွေမှာ ခြင်္သေ့တကောင် ကားပေါ်ခေါ်တင်ပြီး လျှောက်သွားနေတဲ့ ကိစ္စမျိုးအတွက်တော့ ပိုင်ရှင်နဲ့ သေချာ စကားပြောဖို့ လိုလိမ့်မယ်လို့ ပတ္တယား ရဲတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တဦးက မှတ်ချက် ပေးသွားခဲ့ပါတယ်။

 

Ref: Thaiger