အခေါက်ရွှေတကျပ်သား ၃၈ သိန်းကျော်အထိ ပြန်လည်ဈေးမြင့်တက်လာ

ဇန်နဝါရီ၊ ၂၃

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ငွေကြေးဖောင်းဖွမှုများပြားလာပြီးလက်ရှိမြန်မာနိုင်ငံရဲ့   ပြည်တွင်းရွှေဈေးမှာတော့ အခေါက်ရွှေတကျပ်သားကို ၃၈ သိန်းကျော်အထိတရွေ့ရွေ့နဲ့ပြန်လည်ဈေးမြင့်တက်လာခဲ့တယ်လို့ ရန်ကုန်မြို့က ရွှေကုန်သည်အသိုင်းအဝိုင်းဆီက သိရပါတယ်။

 “ ရွှေက ၃၈(သိန်း)ကျော်သွားပြီ။ ဒီတခေါက်တက်တာက ပုံမှန်ဈေးလိုမျိုးပဲ။ဒီနေ့ တသောင်းတက်၊နောက်နေ့ တသောင်းကျ၊ ဟောနောက်နေ့ဆိုနှစ်သောင်းခွဲတက် တော့သိပ်မသိမသာ တက်တာပေါ့ “လို့ ရန်ကုန်မြို့၊ကမာရွတ်မြို့နယ် ,လှည်းတန်းလမ်းရှိတဲ့ ရွှေကုန်သည်တဦးက ပြောပါတယ်။

  စစ်ကောင်စီက နှစ်သောင်းတန်ငွေစက္ကူသစ် ထုတ်ဝေမယ်လို့မနှစ်က ဇူလိုင်လ ၂၃ ရက်မှာ ကြေငြာပြီးတဲ့နောက် ပြည်တွင်းရွှေဈေးကွက်မှာ အဝယ်လိုက်လို့အခေါက်ရွှေတကျပ်သားကို သိန်းလေးဆယ် နီးပါးအထိ ဈေးမြင့်တက်ခဲ့ပြီးနောက် အခုတကြိမ်က စျေးအမြင့်ဆုံးဖြစ်လာတာပါ။

 အဲဒီတုန်းက အမေရိကန် တဒေါ်လာကို ၃,၉၀၀ ကျပ်ထိပေါက်ဈေးမြင့်တက်ခဲ့ပါသေးတယ်။

  နိုင်ငံခြားငွေလဲနှုန်းနဲ့ရွှေဈေးတက်ခြင်းဟာဈေးကစားသူတွေကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီကစွပ်စွဲပြီး ရွှေကုန်သည်တွေကိုဖမ်းဆီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တာကြောင့် ရွှေဈေးနှုန်းဟာ ၃၂ သိန်းဝန်းကျင်လောက်ထိဈေးပြန်လည်ကျဆင်းခဲ့တာပါ။

 အဲဒီလို ရွှေဈေးကျဆင်းလာရာကနေ ရွှေဈေးနှုန်းဟာ အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာတွေမှာ အခေါက်ရွှေတကျပ်သား ကို ၃၅ သိန်း ၊၃၆ သိန်းဝန်းကျင်မှာ အတော်ကြာအောင်ဈေးတည်ငြိမ်ခဲ့တာပါ။

 အဲဒီလိုတည်ငြိမ်နေခဲ့တဲ့ ရွှေဈေးနှုန်းဟာ တဖြည်းဖြည်းနဲ့မြင့်တက်ခဲ့တာမှာ  ဇန်နဝါရီ ၂၂ ရက်မှာ  တကျပ်သားကို ၃၈ သိန်း အတိ ရှိခဲ့ပြီး ဒီနေ့ ဇန်နဝါရီ ၂၃ ရက်မှာတော့ ၃,၈၂၅,၀၀၀ ကျပ်ပေါက်ဈေးမြင့်တက်ခဲ့တာပါ။

“ ဒီဈေးနှုန်းကတော့ကျဖို့မရှိဘူး ။ထပ်တက်ဖို့ပဲရှိတယ်။ အဓိကက ဒေါ်လာဈေးတက်လို့ လိုက်တက်တာပါ “လို့ အထက်ပါရွှေကုန်သည်က ပြောပါတယ်။

 ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်ကြီးများအသင်း (YGEA) ကတော့ အကယ်ဒမီမီးလင်းရွှေတကျပ်သားကို ၃,၆၄၂,၁၀၀ ကျပ်နဲ့ဈေးဖွင့်ထားပြီး ၃,၆၅၄,၇၀၀ ကျပ်နဲ့ဈေးပိတ်ခဲ့တာပါ။

 ကမ္ဘာရွှေ့တအောင်စကို မနေ့က ဇန်နဝါရီ ၂၂ ရက်မှာ ၂,၀၂၂ ဒေါ်လာပေါက်ဈေးရှိခဲ့ပြီး ဒီနေ့မှာတော့ ၂,၀၂၇ ဒေါ်လာအထိ အနည်းငယ်မြင့်တက်ခဲ့ပါတယ်။

 မြန်မာ့စီးပွားရေးမှာ ရွှေ နဲ့ အမေရိကန်ဒေါ်လာက အရေးပါသလို ဒေါ်လာစျေးပေါ်မူတည်ပြီး တခြားအခြေခံစားသောက်ကုန်တွေနဲ့ကုန်ပစ္စည်းတွေကလည်း လိုက်ပါပြောင်းလဲလေ့ ရှိပါတယ်။

 စစ်အာဏာမသိမ်းခင်က‌အမေရိကန်တစ်‌ဒေါ်လာကို ကျပ် ၁,၃၀၀ ဝန်းကျင် နဲ့ ရွှေတစ်ကျပ်သား ကျပ် ၁၃ သိန်း ဝန်းကျင်သာ ရှိခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၃,၄၀၀ ကျော် နဲ့ ရွှေတကျပ်သားကို ကျပ် ၃၈ သိန်း ကျော်အထိ စျေးတွေတက်လာခဲ့တာဖြစ်ပါတယ်။

 နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ ဇန်နဝါရီ ၂၂ ရက် မနေ့က အမေရိကန် တဒေါ်လာ ၃,၄၅၅ကျပ်၊ တယူရို ၃,၈၂၆ကျပ်၊ စင်္ကာပူတဒေါ်လာ ၂,၆၀၅ ကျပ်၊ တရုတ်တယွမ် ၄၈၃ကျပ်နဲ့ ထိုင်းတဘတ်ကို ၉၉ဒဿမ ၅ဝကျပ်အထိ ပေါက်ဈေးရှိခဲ့ပါတယ်

 ဒါပေမယ့် ဇန်နဝါရီ ၂၃ ရက်ဒီကနေ့မှာတော့ အမေရိကန် တဒေါ်လာ ၃,၄၈ဝကျပ်၊ တယူရို ၃,၈၄၆ကျပ်၊ စင်္ကာပူ တဒေါ်လာ ၂,၆၁၅ကျပ်၊ တရုတ်တယွမ် ၄၈၈ ကျပ်နဲ့ ထိုင်းတဘတ်ကို တရာကျပ်အထိ ပေါက်ဈေးရှိနေပြီး နေရာနဲ့ အချိန်အလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။