ဇန်နဝါရီ၊ ၂၃
ချင်းပြည်နယ်၊ ပလက်ဝက တိုက်ပွဲတွေကြောင့် အိန္ဒိယကို ထွက်ပြေးသွားတဲ့ တပ်သားတွေကို သွားရောက်ခေါ်ဆောင်တဲ့ မြန်မာစစ်လေယာဉ် ပျက်မှုကြောင့် ခြောက်ဦး ဒဏ်ရာရတယ်လို့ အိန္ဒိယ ဟိန္ဒူစတန်တိုင်းမ် သတင်းဌာနက ဖော်ပြပါတယ်။
လေယာဉ်မှူး အပါအဝင် ၁၄ ဦး လိုက်ပါလာတဲ့ မြန်မာစစ်လေယာဉ်ဟာ ဒီကနေ့မနက်ပိုင်းက အိုင်ဇော်လ်မြို့အနီးက Lengpui လေဆိပ်ကို အဆင်းမှာ အရှိန်လွန်ပြီး လမ်းချော်တဲ့အတွက် ဒဏ်ရာရရှိသူတွေကို Lengpui ဆေးရုံမှာ ကုသပေးနေတယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့ ညွှန်ချုပ်က ပြောပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဟာ မြန်မာနဲ့ နယ်စပ် ကီလိုမီတာ ၅၁၀ ထိစပ်နေတာပါ။
ပြီးခဲ့တဲ့အပတ်က ဗိုလ်မှူးကြီး တဦးအပါအဝင် အရာရှိ သုံးဆယ်နဲ့ တခြားအဆင့် ၂၄၀ ဦး စုစုပေါင်း မြန်မာစစ်သား ၂၇၆ ဦး အိန္ဒိယထဲကို ထွက်ပြေးသွားတဲ့အတွက် နှစ်သုတ်ခွဲ ပြန်ခေါ်ဖို့ အိန္ဒိယနဲ့ မြန်မာတာဝန်ရှိသူတွေ ဆွေးနွေးညှိနှိုင်း ထားတယ်လို့ သတင်းတွေမှာ ဖော်ပြ ထားပါတယ်။
အခုလေယာဉ်ပျက်ကျမှုနဲ့ပတ်သတ်ပြီး စစ်ကောင်စီက တစုံတရာပြောတာ မရှိသေးပါဘူး။
မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်းခရိုင် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင်နယ်စပ် ဘန်းဒတ်ဘန်ဂါကျေးရွာ ထဲကို မြန်မာစစ်သားတွေ ဝင်ရောက်လာပြီး အာသံရိုင်ဖယ်တပ်ရင်း ကို အကူအညီတောင်းခံခဲ့တာပါ။
အဲဒီထဲက စစ်သား ၁၈၄ ဦးကို ဇန်နဝါရီလ ၂၂ ရက် တနင်္လာနေ့က ပြန်လည်ပို့ဆောင်ခဲ့ပြီး ကျန်ရှိတဲ့ ၉၂ ဦးကို မြန်မာစစ်လေယာဉ်က ထပ်မံလာရောက်ခေါ်ဆောင်စဉ် အခုလို ကြမ္မာဆိုးနဲ့ ကြုံတွေ့ရတာလည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ မနှစ်ကအပါအဝင် မြန်မာစစ်သားပေါင်း ၃၅၉ ဦးကို ပြန်လည်ပို့ဆောင်ပြီးဖြစ်ပါတယ်။
အဲဒီလို ပြန်ပို့တဲ့ စစ်သားတွေကို ရခိုင်ပြည်နယ်က စစ်မျက်နှာတွေမှာ ပြန်လည်တာဝန်ချတယ်လို့ ဒေသတွင်းသတင်းတွေကလည်း ဖော်ပြထားပါတယ်။
ပျက်ကျတဲ့လေယာဉ်ဟာ နိုင်ငံတဝှမ်းက တိုက်ပွဲတွေမှာ ဗုံးကြဲတိုက်ခိုက်ဖို့ အသုံးပြုနေတဲ့ တရုတ်နိုင်ငံထုတ် Y-8 အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ် ဖြစ်ပြီး အရင်ကလည်း ပျက်ကြခဲ့တဲ့ မှတ်တမ်းရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဇွန်လဆန်းက မြိတ်မြို့ကနေ ရန်ကုန်ကို စစ်သားတွေနဲ့ မိသားစုဝင်တွေသယ်ဆောင်လာတဲ့ အခုပျက်ကျတဲ့ လေယာဉ်နဲ့အမျိုးအစားတူ Y-8 ပျက်ကျလို့ လိုက်ပါလာတဲ့ သူ ၁၂၀ ကျော်လုံး သေဆုံးခဲ့ပါသေးတယ်။
အဲဒီတုန်းက ပျက်ကြခဲ့တဲ့ Y-8 လေယာဉ်ဟာအမှတ် ၅၈၂၀ ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ မတ်လက မြန်မာနိုင်ငံကို ရောက်ရှိတာဖြစ်သလို အခုပျက်ကျတဲ့ လေယာဉ်ကတော့ အမှတ် ၅၈၂၁ ဖြစ်ပါတယ်။
ဓာတ်ပုံ – Social Media