စစ်တပ်က ဟိုင်ဂင်သဘောတူညီချက် ကျိုးပေါက်စေချင်လို့ ရန်စနေတယ်လို့ ညီနောင်သုံးဖွဲ့ စွပ်စွဲ

ဇန်နဝါရီ၊ ၂၃
 
စစ်ကောင်စီဟာ ဟိုင်ဂင်သဘောတူညီမှုတွေကို ကျိုးပျက်စေလိုတဲ့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ တမင်တကာ ရန်စမှုတွေ ပြုလုပ်နေပေမယ့် သည်းခံနေလို့သာ တိုက်ပွဲတွေ ကျယ်ပြန့်မသွားတာလို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
 
ကိုးကန့်တပ်၊ တအာင်းတပ်နဲ့ ရက္ခိုင့်တပ်တော်တို့က ဦးဆောင်တဲ့ ရှမ်းမြောက်မှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့တဲ့ စစ်ဆင်ရေး ၁၀၂၇ (၈၈) ရက်မြောက် ဇန်နဝါရီ ၂၂ ရက် တိုက်ပွဲသတင်းတွေ ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။
 
အဲဒီလိုပြောဆိုချက်နဲ့ပတ်သတ်ပြီး DNA အနေနဲ့ စစ်ကောင်စီကို မေးမြန်းနိုင်တာ မရှိသေးပါဘူး။
 
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ဟာ ကူမင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်မှာ အပစ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ညီနောင်တပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲတွေရပ်တန့်ပေးရသလို စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုတွေမပြုလုပ်ဖို့ ပါရှိပါတယ်။
 
ဟိုင်ဂင်သဘောတူညီမှု မတိုင်ခင်မှာ ညီနောင်သုံးဖွဲ့ဟာ ရှမ်းမြောက်က လောက်ကိုင်မြို့ အပါအဝင် မြို့ပေါင်း ၁၇ မြို့နဲ့ စခန်းကြီးငယ်ပေါင်း ငါးရာဝန်းကျင်ကို လက်နက်ခဲယမ်း အမြောက်အမြားနဲ့ သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။
 
ညီနောင်အဖွဲ့တွေက ထိုးစစ်ဆင်နွှဲတာ မရှိပေမယ့် စစ်ကောင်စီတပ်တွေက မြေပြင်မှာ အလစ်အငိုက်ထိုးစစ်တွေ၊ လေကြောင်းက တိုက်ခိုက်တာတွေရှိလို့ အရပ်သားတွေ ထိခိုက်တာတွေ ရှိတယ်လို့လည်း ထုတ်ပြန်ချက်ထုတ် စွပ်စွဲထားပါတယ်။
 
မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ တအာင်းတပ်ရှိရာ မိုးကုတ်နဲ့မိုးမိတ်ကြား ၉ မိုင်ရှိ လွယ်ဆာကုန်ကျေးရွာ အနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာနဲ့ တကြိမ်၊ ATR-42 လေယာဉ်နဲ့ တကြိမ် ဗုံးဆယ်လုံးတိတိ ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် ဇန်နဝါရီ ၂၁ ရက်ကလည်း တအာင်းတပ် ရှိရာ မိုးကုတ်နဲ့ မိုးမိတ်ကြား ၈ မိုင်ကို စစ်ကောင်စီဘက်က “ဟိုင်ဂင်သဘောတူညီမှု” ကို ချိုးဖောက်ပြီး စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
 
ညီနောင်သုံးဖွဲ့က စစ်ကောင်စီအနေနဲ့ ဟိုင်ဂင် သဘောတူညီချက်တွေကို မလိုက်နာခဲ့ရင် သတ်မှတ်ထားတဲ့အတိုင်း စစ်ဆင်ရေး ပစ်မှတ်တွေနဲ့ မြို့သိမ်းတိုက်ပွဲတွေကို ဆက်အကောင်အထည်ဖော်နေလိမ့်မယ်လို့ မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။
 
မြို့အမည်တွေကို ထုတ်မပြောပေမယ့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက် လားရှိုး နဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ မူဆယ် လိုမြို့ကြီးတွေကို ရည်ရွယ်တာလို့ လေ့လာသူတွေက ဆိုကြပါတယ်။
 
ဟိုင်ဂင်သဘောတူညီချက်အရ ရှမ်းမြောက်မှာ ညီနောင်သုံးဖွဲ့ရဲ့ ထိုးစစ်တွေ မရှိတော့ပေမယ့် ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်အပါအဝင် တခြားဒေသတွေမှာတော့ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်တွေကို ဆက်လက်တိုက်ခိုက်နေပါတယ်။
 
ဓာတ်ပုံ – ညီနောင်သုံးဖွဲ့