နှစ်လနီးပါးပိတ်ထားတဲ့ ကလေး-ချင်းတောင် ကားလမ်းကို တော်လှန်ရေးအင်အားစုတွေ ပြန်ဖွင့်ပေး

ဇန်နဝါရီ၊ ၂၂
 
နှစ်လနီးပါးပိတ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ တီးတိန်မြို့နဲ့ ဖလမ်းမြို့တွေဘက်ကို သွားတဲ့ ကားလမ်းမကြီးကို ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ကနေ စပြီး ပြန်လည်အသုံးပြု သွားလာနိုင်ပြီလို့ ချင်းကာကွယ်ရေးတပ်တခုဖြစ်တဲ့ CDF CDM Siyin က ကြေညာထားပါတယ်။
 
ကလေး၊ တီးတိန်နဲ့ ဖလမ်းမြို့သုံးမြို့ ဆုံရာ သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တပတ်လောက်အကြာမှာ အခုလို ပြန်ဖွင့်ပေးလိုက်တာပါ။
 
“ လမ်းပြန်ဖွင့်လိုက်ပြီလို့တော့ ကြားတယ်၊ အဲဘက်ကနေတော့ မသွားဖြစ်သေးဘူး၊ ဝေဘူလဘက်ကနေပဲ ပတ်သွားနေသေးတာ၊ နောက်ရက်တွေမှပဲ သွားဖြစ်လောက်တယ်၊ အဲဘက်ကနေ ” လို့ ကလေး-ဖလမ်း ခရီးသည်တင်ကား မောင်းနေတဲ့ ယာဥ်မောင်းတဦးက ပြောပါတယ်။
 
စစ်ကိုင်းတိုင်းနဲ့ ချင်းတောင် ဆက်သွယ်ရေး လမ်းကြောင်းပေါ်က အချက်အချာကျတဲ့ နေရာမှာရှိနေတဲ့ သိုင်းငင်း ရွာစခန်းကို လက်လွှတ်ခဲ့ရအပြီး နောက်တရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဆယ်ဝန်းကျင်လောက် သိုင်းငင်း ရွာဘက် စစ်ကြောင်းထိုးလာတာ ရှိပေမယ့် ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။
 
“ ပြန်ဆုတ်သွားလို့ လမ်းက စိတ်ချရသွားလို့ ပြန်ဖွင့်ပေးတာ ” လို့ ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။
 
လမ်းပိတ်ထားတဲ့ နှစ်လနီးပါးအတွင်းမှာတော့ ခရီးသည်တွေအနေနဲ့ ကလေးကနေ ဝေဘူလရွာ၊ အဲကနေမှတဆင့် ဖလမ်း၊ တီးတိန်တို့ဘက် ဆက်သွားရပြီး လမ်းခရီးကြန့်ကြာတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
 
“ ခြောက်နာရီလောက်ပဲ သွားရတဲ့ ခရီးကိုတောင် တနေကုန်လောက်သွားနေရတာ၊ လမ်းဆိုးတာက ဒီလောက်ကြီးမဟုတ်ဘူး၊ သွားရကြာတာပဲ ” လို့ ကလေးဒေသခံတဦးက DNA ကို ပြောပါတယ်။
 
အခုလို လမ်းပြန်ဖွင့်ပေးလိုက်လို့ ချင်းပြည်နယ်ဘက်ကနေ ကလေးဘက်ကို ပုံမှန်တင်သွင်းနေတဲ့ ခရမ်းချဥ်သီး၊ ဂေါ်ဖီ၊ မုန်လာ စတာတွေ သယ်ယူရလွယ်သွားသလို ကလေးဘက်ကနေလည်း ချင်းပြည်နယ်ဘက် ကုန်စည်တင်ပို့ရ ပိုမိုလွယ်ကူနိုင်တယ်လို့လည်း သူက ပြောပါတယ်။
 
“ တောင်ပေါ် ခရမ်း၊ ဂေါ်ဖီ၊ မုန်လာ အဲဒါတွေတော့ ကလေးမှာ စျေးကျသွားမှာပေါ့၊ အစက သယ်ရခက်တော့ စျေးတွေတက်နေတာ၊ ကလေးကနေဆို ချင်းဘက် ဆန်တို့ ဆီတို့ သယ်ရလွယ်တာပေါ့၊ ဂန့်ဂေါကနေလည်း သယ်တာရှိပေမယ့် ကလေးက အများဆုံးဝင်တာ ” လို့ အထက်ပါ ကလေးဒေသခံက ပြောပါတယ်။
 
ချင်းတောင်တန်း ကားလမ်းတလျှောက်မှာ နောက်ဆုံးကျန်ရှိနေတဲ့ သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်း စခန်းသိမ်းတိုက်ပွဲ အတွင်းမှာတော့ ချင်းကာကွယ်ရေးတပ်တွေဘက်က ရှစ်ဦးကျဆုံးခဲ့သလို လေးဆယ်ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
 
CDF CDM Siyin ကတော့ အဲဒီ သိုင်းငင်းရွာက တပ်စခန်းကို လေ့လာကြည့်ရှုချင်တဲ့ ပြည်သူတွေအနေနဲ့ သူတို့ တပ်ဖွဲ့ကို အကြောင်းကြားပြီးမှာ သွားရောက်ကြည့်ရှုကြဖို့ သတိပေးထားပါတယ်။
 
ဒါ့အပြင် သိုင်းငင်းရွာနဲ့ ကလေးမြို့ကြား ခိုင်ကမ်းရွာမှာရှိတဲ့ ကိုးမိုင်ခိုင်ကမ်း ရဲစခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ဖို့ရှိတာကြောင့် ရဲစခန်းအနီးမှာနေထိုင်တဲ့ ပြည်သူတွေ ကြိုတင်ရှောင်ရှားကြဖို့လည်း CDF CDM Siyin က အသိပေး ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – ကလေး-ချင်းတောင် ကားပိုင်းတနေရာကို တွေ့ရစဉ်