ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းထိုးနေ

ဇန်နဝါရီ၊ ၂၂
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ကင်းပတ်ဖို့ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က သေဆုံးသူတချို့ရှိပြီး ကာဘိုင်သေနတ် နှစ်လက်လည်း ရခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
“ ကျွန်တော်တို့က သတင်းရလို့ စောင့်ကြိုတိုက်တာ၊ အရင်မိုင်းဆွဲတာပေါ့ သူတို့က ပစ်တော့ ကျွန်တော်တို့နဲ့ ထိတွေ့မှုဖြစ်တယ်။ သူတို့ဘက်က သုံးယောက်ကျတယ်။ သေနတ်နှစ်လက်သိမ်းမိတာပေါ့နော့် “ လို့ သူကဆိုပါတယ်။
 
ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ကနေ လက်ဆည်ကျေးရွာဘက်ကို ကင်းပတ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မနေ့က ညသန်းခေါင်ဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်မှုလည်း ရှိခဲ့တာလို့ သိရပါတယ်။
 
အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ တိုက်ပွဲအပြီး ကာဘိုင်သေနတ် နှစ်လက်နဲ့ ဆက်စပ်ခဲယမ်းတချို့ ရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
မနေ့ညက စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် ဒီကနေ့မှာ စစ်ကောင်စီက လက်ဆည်ရွာဘက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ကြတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်က ကန့်ဘလူမြို့ တင်ငုတ်ကြီးကျေးရွာအခြေစိုတ် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းထားတဲ့ တပ်စခန်းတွေကို ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြပြီးနောက် အဲဒီရွာနဲ့ မိုင်အနည်းငယ်အကွာမှာရှိတဲ့ ကိုးမြို့ရွာနဲ့ တောင့်တဲကုန်းရွာတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
 
မီးရှို့ခံရမှုကြောင့် တောင့်တဲကုန်း၊ ကိုးမြို့အပါအဝင် အနီးအနားကျေးရွာက ဒေသခံ ၉၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိချိန်ထိ နေရပ်မပြန််နိုင်သေးဘဲ စားရေးသောက်ရေး အခက်အခဲရှိနေသလို ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။