တရုတ်ရဲ့ ဓာတ်ငွေ့ဘောလုံးတွေ လေပိုင်နက် ကျူးကျော်ပြီး ဖြတ်ပျံခဲ့တယ်လို့ ထိုင်ဝမ်စွပ်စွဲ

ဇန်နဝါရီ၊ ၂၂

တရုတ်ရဲ့ ဓာတ်ငွေ့ လေဘောလုံး ၆ ခုထိ လေပိုင်နက် ကျူးကျော် ပျံသန်းတာကို တွေ့ကြုံခဲ့တယ်လို့ ထိုင်ဝမ် အစိုးရက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၂၂ ရက် ကြေညာချက်မှာ ကျွန်းနိုင်ငံငယ်လေးရဲ့ မြောက်ဖက် ကမ်းလွန်ကို တရုတ် မိုးပျံပူဖောင်းတွေ ဆက်တိုက် ဖြတ်ပျံခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ထိုင်ဝမ်ကျွန်း တဝိုက်မှာ တရုတ် စစ်လေယာဉ်တွေနဲ့ ရေတပ်သင်္ဘောတွေ လှုပ်ရှားနေမှုကိုလည်း ထောက်လှမ်း တွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ်က ဆိုပါတယ်။

တရုတ်ရဲ့ မိုးပျံပူဖောင်းတွေဟာ ထိုင်ဝမ်ကို ဖြတ်ပျံပြီးရင် အရှေ့ဖက် ပစိဖိတ် သမုဒ္ဒရာဖက် ဆက်လက် ဦးတည်ပြီး ပျောက်ကွယ်သွားလေ့ ရှိတယ်လို့ ထိုင်ဝမ်က ပြောပါတယ်။ ဒါပေမဲ့ အဲဒီ တရုတ် မိုးပျံပူဖောင်းတွေရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ထိုင်ဝမ်က လူသိရှင်ကြား မှတ်ချက်ပေးတာတော့ မရှိခဲ့ပါဘူး။

တရုတ် ရေတပ်နဲ့ လေတပ် လှုပ်ရှားမှုတွေ၊ ဓာတ်ငွေ့ဘောလုံးတွေ ပျံသန်းနေတာတွေဟာ တချိန်တည်းလိုလို ကြုံနေခဲ့ရတဲ့ ကိစ္စတွေ ဖြစ်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ထိုင်ဝမ် စွပ်စွဲတဲ့ လေပိုင်နက် ဖြတ်ပျံတယ်ဆိုတဲ့ ဘောလုံးတွေကို တရုတ်က စစ်ရေး ရည်မှန်းချက်နဲ့ လွှတ်တင်ထားခဲ့တာလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူသွားမယ်လို့ပါ ခြိမ်းခြောက်ထားပါတယ်။ ထိုင်ဝမ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူ ဝီလျံလိုင်ဟာ ထိုင်ဝမ် လွတ်လပ်ရေးအတွက် အားထုတ်နေတဲ့ ခွဲထွက်ရေးဝါဒီ တဦးလို့ တရုတ်က ယူဆထားခြင်းကြောင့်လည်း နှစ်ဖက် ဆက်ဆံရေးဟာ ပိုမို တင်းမာလာနေပါတယ်။

မနှစ်တုန်းကတော့ အမေရိကန် လေပိုင်နက်ကို ဖြတ်ပျံတဲ့ တရုတ် မိုးပျံပူဖောင်း တလုံးကို အမေရိကန်က သူလျှိုပစ္စည်းလို့ စွပ်စွဲပြီး ပစ်ချခဲ့တာကြောင့် နှစ်နိုင်ငံ အငြင်းအခုံတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ တရုတ်ကတော့ အဲဒီ မိုးပျံပူဖောင်းဟာ လမ်းကြောင်းပြောင်းသွားတဲ့ မိုးလေဝသ စူးစမ်းရေး အရပ်ဖက် သိပ္ပံပညာရပ်ဆိုင်ရာ ပစ္စည်းတခုသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

 

Ref: NBC