ဒီပဲယင်းမှာ စစ်တပ်ဖမ်းသွားတဲ့ အမျိုးသမီးလေးဦး အပါအဝင်ဆယ်ဦး အဆက်အသွယ်ပြတ်နေ

ဇန်နဝါရီ၊​၂၁
 
စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မဲအိုးကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် အရပ်သားတွေကို ဖမ်းဆီးပြီး အဲဒီအထဲက အမျိုးသမီးလေးဦးအပါအဝင် ဆယ်ဦးက သုံးရက်ကြာတဲ့အထိ အဆက်သွယ်ပြတ်တောက်နေတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
 
“ အခုအထိတော့ ဘာသတင်းအစအနမှာ မသိရသေးဘူး။ ဆက်ပဲဖမ်းထားသလား ။သတ်ပဲပစ်လိုက်လားဆိုတာ သူတို့ မိသာစုတွေက စိတ်ပူနေကြတာပေါ့ ” လို့ မဲအိုးရွာအနီးက လက်ယက်ကုန်းကျေးရွာဒေသခံ အမျိုးသမီး တဦးကပြောပါတယ်။
 
ဒီလ ၁၉ ရက်မနက်ပိုင်းမှာ ဒီပဲယင်းမြို့ပေါ်ကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မဲအိုးကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ဒေသခံ ၁၅ ဦးလောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ လက်ယက်ကုန်းကျေး ရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးခဲ့တာပါ ။
 
လက်ယက်ကုန်းရွာအရောက်မှာတော့ ဖမ်းခေါ်လာသူတွေထဲကအမျိုးသမီးဖြစ်တဲ့ မခင်နှင်းဌေးကို အိတ်အတွင်း ထည့်ပြီးမီးရှို့သတ်သွားသလို ကိုဇော်ဝင်း၊ ကိုထွန်း၊ ကိုအောင်မြင့်ကျော် နဲ့ ကိုဇင်မင်းညွန့် တို့ကိုခေါင်းဖြတ်ကာ သတ်ဖြတ်သွားခဲ့တယ်လို့ သူကဆိုပါတယ်။
 
မီးရှို့သတ်ဖြတ်ခံရတဲ့ မခင်နှင်းအေး ဆိုသူဟာ ဒီချုပ် ပါတီ ရဲ့ ဒီပဲယင်းမြို့နယ် အမှတ်(၁) တိုင်းလွှတ်တော်အမတ် ဒေါ်နှင်းခိုင်စိုးရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ကိုယ်စားလှယ် တာဝန်ယူခဲ့သူတဦးဖြစ်ပြီး စစ်အုပ်စုက သူကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်သွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက စွပ်စွဲပြောဆိုပါတယ်။
 
ဒါ့အပြင် စစ်တပ်ရဲ့ ဖမ်းဆီးခံရသူတွေဖြစ်တဲ့ မဝေဝေခင် ၊ အောင်မျိုး ၊ မခင်ဆန်းလွင် ၊ ကိုဇွဲထက်နိုင်၊ ကိုစိုးထွန်း၊ ကိုလင်းထင် ၊ မလေးတင်၊ ကိုစိုးမင်းပိုင်၊ ကိုရဲလင်းနိုင် နဲ့ ဒေါ်တင် စတဲ့ ဒေသခံ ဆယ်ဦးက အဆက်သွယ်ပြတ်တောက်နေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
 
အဲဒီထဲမှာ မဝေဝေခင်က ကျောင်းဆရာမတဦးဖြစ်ပြီး လက်ယက်ကုန်းရွာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် အတွင်း ဦးခေါင်းကို ထိမှန်ပြီး ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဖြစ်သလို ကိုရဲလင်းနိုင်နဲ့ ကိုအောင်မျိုးဝင်းတို့က ကျောင်းသားတွေဖြစ်ကြတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ဆိုထားပါတယ်။
 
လေကြောင်းက စီးနင်းတိုက်ခိုက်ခံရဖူးတဲ့ လက်ယက်ကုန်းရွာဟာ ဒီပဲယင်းမြို့ အရှေ့ဘက် မိုင်းအနည်းငယ် အကွာမှာရှိပြီး မဲအိုးရွာနဲ့ လက်ယက်ကုန်းရွာကတော့ တမိုင်ဝန်းကျင်လောက်ဝေးပါတယ်။
 
လက်ရှိမှာလည်း အဲဒီ စစ်ကြောင်းကြောင့် ဒီပဲယင်းမြို့နယ် အရှေ့ပိုင်းမှာရှိတဲ့ လက်ယက်ကုန်း၊ မူးခံတွင်း၊ ညောင်လှ ၊ မဲအိုး စတဲ့ ကျေးရွာတွေက ဒေသခံ ငါးထောင်လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး လက်ရှိမှာ တချို့ ဒေသခံတွေကျေးရွာအတွင်းပြန်လည် ဝင်ရောက်လာတာရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။
 
ဓာတ်ပုံ – AFP (ပုံဟောင်း)