စစ်သင်တန်းတက်ခိုင်းလို့ ရာအိမ်မှူးတွေ အစုအပြုံလိုက် ထွက်စာတင်

ဇန်နဝါရီ၊ ၂၁
 
စစ်ကောင်စီက စစ်သင်တန်း တက်ခိုင်းလို့ ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်တချို့က စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်‌ ရာအိမ်မှူးတွေ အစုအပြုံလိုက် နုတ်ထွက်စာတင်တာတွေ ရှိနေတယ်လို့ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ ဦးစီးဌာနနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
 
ဇလွန်၊ ဟင်္သာတ၊ မြောင်းမြ၊ ဘိုကလေး၊ ဖျာပုံ၊ ပန်းတနော်၊ ကျုံပျော်၊ ငပုတော၊ သာ‌ပေါင်း နဲ့ ပုသိမ် မြို့နယ်တို့က ရာနဲ့ချီတဲ့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး‌တွေ ဇန်နဝါရီလ ဒုတိယပါတ် အတွင်းက စတင်ပြီး နုတ်ထွက်စာ တင်နေကြတာပါ။
 
” အုပ်ချုပ်ရေးမှူး တွေကတော့ နှုတ်ထွက်စာ တင်တာနည်းပြီး ရာအိမ်မှူးတွေက တင်တာများတယ်။ ဘယ်သူ့ကိုမှ နုတ်ထွက်ခွင့်တော့ မပေးသေးပါဘူး။ ဝင်လိုက် ထွက်လိုက်နဲ့ အုပ်ချုပ်ရေးအဖွဲ့က အသုဘအိမ်လို ဖြစ်နေပြီ ” လို့ စစ်ကောင်စီရဲ့ ထွေ/အုပ် ဦးစီးဌာန အမည်မဖော်လိုသူ ဝန်ထမ်းတဦးက DNA ကိုပြောပါတယ်။
 
နှုတ်ထွက်စာတင်ထားတဲ့ မြို့နယ်‌တွေအလိုက် လူဦးရေ အ‌ရေအတွက်မှာ ဇလွန်မြို့နယ်က နှုတ်ထွက်သူ ရာအိပ်မှူး ၆၅ ဦးနဲ့ အများဆုံးဖြစ်ပြီး လပွတ္တာမြို့နယ်က နှုတ်ထွက်သူ ရာအိမ်မှူး ၁၂ ဦး နဲ့ အနည်းဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
 
နှုတ်ထွက်စာ တင်တဲ့သူ အများစုက သူတို့ရဲ့ကျန်းမာရေး၊ လူမှူရေး နဲ့ စီးပွားရေး တို့ကို အကြောင်းပြပြီး နုတ်ထွက်စာတင်ကြတာလို့ သိရပါတယ်။
 
ဒါပေမယ့် အမှန်တကယ်က ရှေ့တန်းစစ်မျက်နှာမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ်အဆင့် အပါအဝင် အရာရှိကြီးတွေ၊ တပ်ဖွဲ့ဝင်တွေ အစုလိုက် အပြုံလိုက် သေဆုံးမှု၊ လက်နက်ချမှု၊ အဖမ်းရခံမှု‌ တွေရဲ့ ဂယက်ရိုက်ခတ်တာကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထွေ/ အုပ် ဦးစီးဌာန ဝန်ထမ်းက ဆက်ပြောပါတယ်။
 
ဧရာဝတီတိုင်းမြို့တော်၊ ပုသိမ်မြို့နယ်ရှိ အမှတ် ရပ်ကွက်( ၁ )က အသက် ငါးဆယ် ခန့်ရှိ ရာအိမ်မှူး တဦးက “ရပ်ကွက် သာရေး နာရေး ကိစ္စလောက်ပဲ လုပ်ရင်းနဲ့ ရာအိမ်မှူး ဖြစ်လာတာ။ ရာအိမ်မှူးနဲ့ မသက်ဆိုင်တဲ့ ကိစ္စ‌တွေ မလုပ်ချင်ဘူး။ ဘယ်ပါတီကမှလည်း မဟုတ်ဘူး။ ခုက စစ်သင်တန်းတက်ပြီး ရှေ့တန်းထွက် စစ်တိုက်ရတော့ မလိုလိုဆိုတော့ အခုကတည်းက ထွက်ထားတာ အကောင်းဆုံးပဲ ” လို့ ‌ ပြောပါတယ်။
 
ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်‌ရေးမှူးနဲ့ ရာအိမ်မှူး တွေဟာ အပတ်စဉ် အမှိုက်ကောက်၊ မြက်ရှင်း ၊ လုပ်အား‌ပေးကြရသူတွေ၊ စစ်ကောင်စီ ရဲ့ စစ်ကြောင်းကြီး ငါးကြောင်း အခမ်းအနား အတွက်၊ စစ်ကောင်စီတပ် အတွက်၊ ပျူစောထီး အဖွဲ့အတွက်နဲ့ မဘသ၊ ကြံခိုင်ရေးပါတီ တို့ရဲ့ တပ်ထောက်ခံပွဲ တို့အတွက် လိုအပ်တဲ့ လူအင်အားကို ဖြစ်မနေ စုဆောင်းပေးနေရသူတွေလည်း ဖြစ်ပါတယ်။
 
စစ်ကောင်စီက မီးသတ် တပ်ဖွဲ့ဝင် တချို့ ၊ပျူစောထီးနဲ့ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် တွေကို ရက်တိုစစ် သင်တန်းပေးပေမယ့် လက်နက်ကောင်းတွေ တပ်ဆင်ပေးတာ မရှိတဲ့ အပြင် ရိက္ခာလစာ ကိုလည်း လုံ လောက် အောင် မပေးဘူး လို့ ယင်းအဖွဲ့‌ တွေအတွင်းရှိ သတင်းရင်းမြစ် တွေထံကသိရပါတယ်။
 
ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်တခုတိုင်းမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ခုနှစ်ဆယ်ကနေ ကိုးဆယ် ဝန်းကျင်အထိ ဖွဲ့စည်းထားပြီး ရပ်ကွက်တခုမှာ ရာအိမ်မှူး ၁၆ ဦးကနေ သုံးဆယ်ဦး အထိရှိ တတ်ပြီး ကျေးရွာအုပ်စု တခုမှာတော့ ရာအိမ်မှူး ငါး ဦးမှ ၁၅ ဦး အထိရှိကြပါတယ်။
 
ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်အပါအဝင် ဒေသတချို့မှာစစ်ရေးအရအကြီးအကျယ်ရှုံးနိမ့်နေတဲ့စစ်ကောင်စီဟာ ပဲခူးတိုင်းက မြို့နယ်တချို့ ပြည်သူ့စစ်အဖြစ် ဒေသခံတွေကို ဖိအားပေး လူသစ်စုဆောင်းတာတွေပြုလုပ်နေတာ လည်းရှိပါတယ်။
 
ဓာတ်ပုံ – Social Media