မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်တွေက စခန်းတချို့ အေအေသိမ်းပိုက်

ဇန်နဝါရီ၊ ၂၁
 
ရခိုင်ပြည်နယ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး တပ်စခန်းတချို့ကို သိမ်းပိုက်ထားတယ်လို့ ဇန်နဝါရီလ ၂၀ ရက် ညပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
 
ရခိုင်ဒေသတွင်း စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ မြောက်ဦးအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၃၇၇)၊ (၃၇၈) နဲ့ (၅၄၀)၊ မင်းပြားအခြေစိုက် ခမရ (၃၇၉)၊ (၃၈ဝ) နဲ့ (၅၄၁)၊ ကျောက်တော်အခြေစိုက် ခမရ (၃၇၄)၊ (၃၇၅) နဲ့ (၃၇၆)၊ ရသေ့တောင်အခြေစိုက် ခမရ (၅၃၆)၊ (၅၃၇)နဲ့ (၅၃၈) တို့နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ ရင်ဆိုင်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
 
ညီနောင်မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ် (MNDAA)၊ တအားတပ် (TNLA)နဲ့အတူပါဝင်တဲ့ AA ဟာ စစ်ကောင်စီတပ် အပြင်းအထန်ခုခံတဲ့ကြားက အထက်ပါတပ်ရင်းတွေထဲက တပ်စခန်းတချို့ကို သိမ်းပိုက်ထားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
 
ဒါ့အပြင် လက်နက်ချအညံ့မခံသေးဘဲ AAတပ်နဲ့ အရပ်သားတွေကို ဆက်လက်တိုက်ခိုက်နေသေးတဲ့ တပ်ရင်းတွေကိုလည်း ဆက်လက်ချေမှုန်းတိုက်ခိုက်နေတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
 
ရခိုင်ပြည်နယ်၊ မင်းပြားနဲ့ ပေါက်တောမြို့တွေကို AAက မနေ့က သိမ်းပိုက်လိုက်တယ်လို့ သတင်းတချို့မှာ ဖော်ပြပေမယ့် စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်တွေကတော့ တိုက်ပွဲပြင်းထန်နေတယ်လို့သာ ရေးသားတာ တွေ့ရပါတယ်။
 
အဲဒီဒေသတွေမှာ စစ်တပ်က ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားလို့ အတည်မပြုနိုင်သေးပါဘူး။
 
AA ဟာ ရသေ့တောင်မြို့နယ်မြောက်ပိုင်း၊ ကျောက်တန်း၊ အောင်သာစည် ကျေးရွာအနီးက စစ်ကောင်စီအခြေစိုက် စခန်းနဲ့ ထီးစွဲကျေးရွာအနီးက တပ်စခန်းနှစ်ခုတို့ကို မကြာသေးခင်ရက်ပိုင်းက အပြီးသတ်သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
စစ်ကောင်စီတပ်ကတော့ မနေ့က ညနေ ၄ နာရီခွဲမှာ ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်ကျေးရွာအနီးက တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၃) ကနေ ဘူးသီးတောင်နဲ့ အနီးကျေးရွာတွေကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
 
အဲဒီလက်နက်ကြီးထဲက ဆယ်လုံးခန့်ဟာ စေတီတောင်ကျေးရွာနဲ့ အနီးတဝိုက်ကို ကျရောက် ပေါက်ကွဲလို့ အသက် ၁၃ နှစ်အရွယ် ကလေးတဦး ကျည်စထိမှန်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှာ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်က တကျော့ပြန်တိုက်ပွဲတွေအတွင်း အရပ်သား ၈၁ ဦး သေဆုံးပြီး ၂၆ဝ ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ဒီလ ၁၈ ရက်က ထုတ်ပြန်ထားပါတယ်။
 
ရခိုင်မှာ ကုန်လမ်း၊ ရေလမ်းတွေ ပိတ်ဆို့ထားတဲ့ စစ်ကောင်စီဟာ ဇန်နဝါရီလ ၁၆ ရက်ခန့်ကစပြီး ပြည်နယ်ထဲက ဒေသအများအပြားမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။
 
ရှမ်းမြောက်မှာ မြို့ပေါင်း ၁၇ မြို့နဲ့စခန်းကြီးငယ်ပေါင်း ငါးရာဝန်းကျင် ဆုံးရှုံးထားတဲ့ စစ်ကောင်စီဟာ ပလက်ဝဒေသကို လက်လွှတ်လိုက်ရသလို ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာလည်း မြို့နယ်တချို့ သိမ်းပိုက်ခံထားရပါတယ်။
 
ဓာတ်ပုံ – AA Info Desk