ရခိုင်မှာ စစ်တပ်က ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ဖို့ပြင်ဆင်နေတယ်လို့ မြောက်ပိုင်းသုံးဖွဲ့စွပ်စွဲ

ဇန်နဝါရီ၊ ၂၀

အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက်စတဲ့ သတင်းအချက်အလက် တွေကို ရည်ရွယ်ချက်ရှိရှိဖြတ်တောက်ပြီး စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အင်တိုက် အားတိုက် ကျူးလွန်ဖို့ ပြင်ဆင်နေတယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကစွပ်စွဲပြောဆိုလိုက်ပါတယ်။

ကိုးကန့််တပ်(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ပါဝင်တဲ့ စစ်ဆင်ရေး ၁၀၂၇ ဆင်နွှဲနေတဲ့ အဲဒီသုံးဖွဲ့ရဲ့ ဇန်နဝါရီလ ၁၉ ရက် စစ်ရေးအခြေအနေထုတ်ပြန်ရာမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်က စတင်ပြီး စစ်ကောင်စီတပ်တွေကို စစ်ဆင်ရေးစတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာစစ်တွေအပါအဝင် မြို့နယ်အများအပြားမှာ မကြာသေးခင်ရက်ပိုင်းကစပြီး ဖုန်းနဲ့ အင်တာနက်လိုင်းတွေပြတ်တောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေစတင်ဖြစ်ပွားပြီးနောက်စစ်တပ်က ရေလမ်း၊ ကုန်းလမ်းတွေကို ပိတ်ဆို့ထားတဲ့အပြင် ဒေသတချို့မှာဖုန်းနဲ့ အင်တာနက်ဖြတ်တောက်မှုတွေကို ဒီဇင်ဘာလကတည်းက လုပ်ဆောင်ခဲ့တာရှိပါတယ်။

ဒါပေမဲ့လက်ရှိအချိန်မှာတော့ အဲဒီလိုဖြတ်တောက်မှုတွေပိုပြီးများပြားလာတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အခြေပြုနိရဥ္စရာသတင်းဌာနကတော့ ဖုန်းလိုင်းနဲ့ အင်တာနက်ဖြတ်တောက်မှုတွေ ကြောင့် စစ်တွေမြို့က ပုဂ္ဂလိကဘဏ်တွေရဲ့ ဝန်ဆောင်မှုတွေရပ်တန့်သွားတယ်လို့ မနေ့က ရေးသားတင်ပြ ထားပါတယ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်ကို မနေ့က စစ်တပ်က လေကြောင်းကတိုက်ခိုက်လို့ ဦးစိုးတင့်ရပ်ကွက်အတွင်း ဗုံးသီးကျလို့ အရပ်သားတဦးသေဆုံးပြီး လူနေအိမ်ဆယ်လုံးကျော်မီးလောင်ခဲ့ရတယ်လို့ညီနောင်သုံးဖွဲ့က ပြောထားပါတယ်။

ဒီချုပ်အစိုးရလက်ထက်မှာစစ်တပ်နဲ့ ရက္ခိုင်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခတွေကြောင့်  ရခိုင်မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ မောင်တော၊ ဘူး သီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စတဲ့ မြို့နယ်တွေနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ်ဇွန် ၂၁ ရက်ကစပြီး အင်တာနက်လိုင်းတွေပိတ်ထားခဲ့ပြီး  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။

အဲဒီကမ႓ာ့အရှည်ကြာဆုံးအင်တာနက်ဖြတ်တောက်မှုအတွင်း မြန်မာစစ်တပ်ဟာ ရခိုင်နဲ့ချင်းပြည်နယ်မှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေအများအပြားကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်ရေးအဖွဲ့တွေက ပြစ်တင်ဝေဖန်ထားကြပါတယ်။

ပုံစာ-ရခိုင်ပြည်နယ်မှာဟ၂၀၁၉ခုနှစ် နှစ်လယ်ကစပြီးအင်တာနက်ဖြတ်တောက်မှုပြုလုပ်စဉ်က ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကကန့်ကွက်ခဲ့ကြစဉ်