အပစ်ရပ်သဘောတူညီချက်ကို စိတ်ရှည်သည်းခံ လိုက်နာနေလို့ မြို့ကြီးတချို့ ထပ်မသိမ်းတာလို့ ညီနောင်သုံး ဖွဲ့ဆို

ဇန်နဝါရီ၊ ၁၉
 
တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ရထားတဲ့ ဟိုဂင်သဘောတူညီချက် (ရှမ်းမြောက် အပစ်ရပ်သဘောတူညီချက်) ကို မဟာမိတ်တပ်တွေဘက်က စိတ်ရှည်သည်းခံပြီး လိုက်နာနေလို့ မလိုလားအပ်တဲ့ အခြေအနေတွေ ဖြစ်မလာတာလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၁၈ ရက် မနေ့ညက ထုတ်ပြန်ပြောဆိုပါတယ်။
 
တကယ်လို့ သူတို့သုံးဖွဲ့အနေနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို စိတ်ရှည်သည်းခံမနေဘဲ ဟိုင်ဂင်သဘောတူညီချက်ကို မလိုက်နာခဲ့ဘူးဆိုရင် သတ်မှတ်ထားတဲ့ စစ်ဆင်ရေးပစ်မှတ်တွေနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်အကောင်ထည်ဖော်ထားခဲ့ပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
ဟိုင်ဂင်သဘောတူညီမှု ရရှိခဲ့တာ တပတ်ပြည့်တဲ့အထိ စစ်ကောင်စီတပ်က ရှမ်းမြောက်မှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ ညီနောင်သုံးဖွဲ့က ဆိုထားပါတယ်။
 
ဒါ့အပြင် ဟိုင်ဂင်သဘောတူညီမှုကို မလိုက်နာဘဲ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနေမယ်ဆိုပါက လက်ရှိအချိန်မှာ ရှမ်းမြောက်မှာ ကျန်နေသေးတဲ့ မြို့ကြီးတချို့ သူတို့လက်အောက် ကျရောက်နေပြီ ဖြစ်တယ်လို့လည်း ညီနောင်သုံးဖွဲ့က မြို့အမည်ချန်လှပ်ပြီး ထုတ်ပြန်ထားပါတယ်။
 
ဘယ်မြို့တွေ သူတို့လက်အောက် ကျရောက်နေမလဲဆိုတာတော့ အတိအကျ မပြောထားပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးနဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးအတွက် အဓိက အရေးပါတဲ့ မူဆယ်မြို့တို့ဟာ အပစ်ရပ်သဘောတူညီမှု မရခင်အထိ ညီနောင်သုံးဖွဲ့က တိုက်ခိုက်ဖို့ ပြင်နေခဲ့ပြီး မသိမ်းပိုက်ရသေးတဲ့ အဓိကမြို့တွေ ဖြစ်ပါတယ်။
 
စစ်ကောင်စီဟာ မနေ့ကတအာင်းတပ် TNLA ရဲ့ တပ်မဟာ (၃) စစ်ဒေသထဲပါတဲ့ မိုးမိတ်မြို့နယ်၊ ရွှေဇာလီ ကျေးရွာဘက်ကို တရက်တည်းအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
ဒါပေမယ့် ရွှေဇာလီကျေးရွာ နဲ့ ကပ်လျက်ရှိတဲ့ မိုးမိတ်မြို့ပေါ်က စစ်ကောင်စီ တပ်စခန်းတချို့ကို အပစ်ရပ်သဘောတူထားတဲ့အထဲ မပါတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းအဖွဲ့တွေက မနေ့က ထိုးစစ်ဆင်တိုက်ခိုက်လို့ စစ်ကောင်စီနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့ပါသေးတယ်။
 
“ အပစ်ရပ်ထားတဲ့ နေရာတွေမှာလည်း လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေနဲ့ဖြစ်နေတာ၊ KIA လည်း မထိုးဘူးလေ၊ မြန်မြန်လုပ်၊ မြန်မြန်ပြီးကြစေချင်ပြီ၊ အိမ်မြန်မြန်ပြန်ချင်ပြီ ” လို့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာ ကနေ တိမ်းရှောင်နေရတဲ့ စစ်ရှောင်အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
 
TNLA က အဓိကထိန်းချုပ်ထားတဲ့ မြို့ကြီးတွေအနီးရှိတဲ့ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာ တဝိုက်မှာလည်း လက်ရှိအချိန်ထိ KIA နဲ့ စစ်ကောင်စီတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်ကတော့ စစ်ကောင်စီတပ်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ TNLA တပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာကို အပစ်ရပ်သဘောတူညီမှုတွေ ချိုးဖောက်ပြီး ထိုးစစ်ဆင်လာလို့ ပစ်ခတ်မှု ဖြစ်ခဲ့ကြသေးတယ်လို့ TNLA က ပြောထားပါတယ်။
 
TNLA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ သူတို့အနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့အတွက် ပေးထားတဲ့ တော်လှန်ရေး ကတိသစ္စာတွေကို လိုက်နာတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီနဲ့ အပစ်ရပ်လိုက်ပြီးနောက် ၁၀၂၇ စစ်ဆင်ရေးရဲ့ စစ်ရေးအရှိန် အနည်းငယ်ရပ်တန့်သွားတယ်လို့ ထင်ရပေမယ့် ပြည်သူတွေလိုလားတဲ့ ဘုံရည်မှန်းချက်အတွက် ပုံမှန်အလုပ်လုပ်နေတယ်လို့လည်း ညီနောင်သုံးဖွဲ့က အသိပေးထားပါတယ်။
 
ဓာတ်ပုံ – Social Media