လားရှိုးနဲ့ အီနိုင်းရွာကြားမှာ စစ်ကောင်စီကလမ်းပိုင်းဖြတ်တောက်လိုက်လို့ ဒေသခံတွေအခက်တွေ့၊ ကားစီးရေ ရာဂဏန်းပိတ်မိနေ

ဇန်နဝါရီ၊ ၁၈

ရှမ်းမြောက်လားရှိုးမြို့ကနေ ထွက်ခွာတဲ့ အရပ်သားတွေ လတ်တလော အဓိကအသုံးပြုနေတဲ့ အီနိုင်းရွာကွင်း  လမ်းမှာ စစ်ကောင်စီက ကားတွေသွားလို့မရအောင် မြေတွေတူး ပြီးဖျက်ဆီးလိုက်တာကြောင့် ကားစီးရေ နှစ်ရာဝန်းကျင်လောက်ပိတ်မိနေတယ်လို့ ကားသမားတွေနဲ့ ဒေသခံတွေက DNAကိုပြောပါတယ်။

လားရှိုးအဝင် AD တံတားမရောက်ခင် တံတားနဲ့ အီနိုင်းရွာကြားက အီနိုင်းကွင်းလမ်း(ဒုတိယလမ်းကို) စစ်ကောင် စီတပ်ဖွဲ့ဝင်တွေက ဒီနေ့မနက်မှာ ဘူဒိုဇာနဲ့မြေတူးပြီးဖျက်ဆီးလိုက်တာလို့ ဆိုပါတယ်။

“ဘုန်းကြီးကားရော လေးစီး သွားလို့မရဘူး၊ဘုန်းကြီးတွေနဲ့ တခြားကားသမားတွေနဲ့ စစ်တပ်ကိုသွားပြောသေး တယ်မရဘူး၊လုံးဝပေးမသွားဘူး” လို့ လားရှိုး_နမ္မတူ ကားသမားတဦးကပြောပါတယ်။

လက်ရှိစစ်ကောင်စီကဖျက်ဆီးလိုက်တဲ့ အီနိုင်းကွင်းလမ်းဟာ မူဆယ်-နမ့်ခမ်း_မိုင်းဝီး_နမ္မတူ_မန်စံ-လားရှိုး ထိကို သွားလာနိုင်ပြီး လားရှိုးကနေ ထွက်ခွာမယ့်သူတွေ မူဆယ်ဘက်ကနေ လားရှိုးဘက်ကို လာမယ့်ခရီးသွားပြည်သူ တွေအဓိက အသုံးပြုနေရတဲ့ တခုတည်းကျန်တော့တဲ့လမ်း ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့မနက်ပိုင်းမှာ အဲ့ဒီလမ်းပိုင်းကို ဖျက်ဆီးလိုက်တာကြောင့် အီနိုင်းကွင်းလမ်း အနီး မှာ ကားတွေပိတ်မိသွားကြချိန် ပိတ်မိယာဉ်တန်းရဲ့ အနောက်ဘက်က လမ်းပိုင်းတနေရာကိုလည်း နေ့လယ် ပိုင်းမှာ ထပ်ပြီးဖျက်ဆီးလိုက်တာကြောင့် လားရှိုးဘက်လည်းပြန်မရတော့ဘဲ ရှေ့တိုးနောက်ဆုတ်မရ ဖြစ်နေကြ တာလို့ဆိုပါတယ်။

လက်ရှိ အီနိုင်းကွင်းလမ်းမှာပိတ်မိနေသူတွေထဲ သံဃာတော်တွေ၊ ၊အရပ်သား ခရီးသွား တွေ၊ကားသမားတွေအပြင် ပရဟိတကားတွေနဲ့ လူနာတွေပါဝငင်ပြီး ဒီကနေ့ ညနေငါးနာရီလောက်အထိ ပိတ်မိနေကြဆဲပဲလို့ ကားစီးရေရာဂ ဏန်း အထိ မပိတ်မိခင် အဲ့ဒီနေရာကနေထွက်လာနိုင်ခဲ့တဲ့ ကားသမားတဦးကပြောပါတယ်။

“ကျွန်တော်ကတော့ အရဲစွန့်လိုက်တာပေါ့၊ဘာဖြစ်လို့ဆို လားရှိုးကနေလာတဲ့ကားတွေကိုလည်း ပေးမသွားဘူး၊ နမ္မတူလာမယ့်ကားတွေက အစီးသုံးလေးဆယ်ရောက်လာပြီ၊ပေးမသွားဘူးဆိုတော့ တမင်သပ်သပ်ကို ဓားစာခံ ပိတ်ထားတဲ့ပုံစံဖြစ်နေတာ အဲ့တော့မယုံကြည်တော့တာ၊ သူတို့ထမင်းစားနေချိန် သစ်တုံးခုပြီးမောင်းပြေးလာတာ” လို့ သူကဆိုပါတယ်။

လားရှိုး-နမ္မတူလမ်း အီနိုင်းကွင်းလမ်းတလမ်းဖြစ်တဲ့ နားကွမ်းရွာတံတားဟာ ဇန်နဝါရီလ ၁၁ရက် ညပိုင်းက ဖျက် ဆီးခံလိုက်ရပြီး လက်ရှိမှာတော့ အီနိုင်းတံတားကိုကွင်းပြီးသွားလို့ရတဲ့ ဒုတိယကွင်းလမ်းကိုလည်း စစ်တပ်ကထပ် မံဖျက်ဆီးလိုက်တာပါ။

စစ်ကောင်စီဟာ လားရှိုးဘက်ကနေ တအာင်းတပ် TNLA သိမ်းပိုက်နယ်မြေတွေဖြစ်တဲ့ နမ္မတူ၊မန်တုံ စတဲ့မြို့နယ် တွေဘက်ကို စားနပ်ရိက္ခာ၊စက်သုံးဆီအပါအဝင် တခြားကုန်စည်တွေဖြတ်တောက်လိုတာ၊ လားရှိုးမြို့ကို ညီ နောင် မဟာမိတ်တပ်တွေက လာရောက်တိုက်ခိုက်မှာစိုးရိမ်တာတွေကြောင့်အခုလို လမ်းဖြတ်တောက်မှုတွေလုပ်တာဖြစ် နိုင်တယ်လို့ ဒေသခံတွေကသုံးသပ်ကြပါတယ်။

“သူတို့က လားရှိုးကိုကာချင်တာလေ။ တော်လှန်ရေးတပ်ဖွဲတွေက မူဆယ် နမ့်ခမ်းဘက်ကနေ မော်တော်ယာဥ် တွေနဲ့ ဆင်းလာမယ်ဆိုရင်မော်တော်ယာဥ်ဝင်နိုင်တဲ့လမ်းကြောင်းကိုပိတ်ချင်တာပေါ့၊အဲ့လိုသဘောပါပဲ။ပြီးတော့ ဒီဘက်အပိုင်း(နမ္မတူ)ကိုတော့ ဖြတ်လေးဖြတ်လုပ်ချင်တဲ့ပုံစံ ဖြစ်နေတယ်” လို့ အထက်ပါ လားရှိုး_နမ္မတူ ကားသမားကဆိုပါတယ်။

အီနိုင်းရွာဟာ လားရှိုးမြို့နဲ့ ကိုးမိုင်ဝန်းကျင်အကွာမှာရှိပြီး ရှမ်းမြောက်မှာ အပစ်မရပ်ခင်က အဲ့ဒီရွာအနီးတဝိုက်မှာ အထိ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

လားရှိုးနဲ့ တခြားမြို့တွေဆက်သွယ်နိုင် ဖို့လမ်းကြောင်းတခုအနေနဲ့ရှိခဲ့တဲ့ အီနိုင်တံတားဟာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ ၃၁မှာ တိုက်ခိုက်မှုတွေကြောင့်ကျိုးကျပျက်စီးသွားခဲ့တာပါ။အဲ့ဒီအချိန်ကစလို့လားရှိုးကနေ မန္တလေးဘက်ကိုသွား မယ့်ခရီးသွားတွေဟာ နမ့်ပေါင်တံတားတစင်းကိုသာ အသုံးပြုနေရတာလို့ ဒေသခံတွေကပြောပါတယ်။

ဒါကြောင့်လက်ရှိမှာတော့ လားရှိုးကနေ မန္တလေးဘက်ကိုသွားဖို့ လမ်းတလမ်းကျန်သေးပေမယ့် မူဆယ်_နမ္မတူ_ မူဆယ်ဘက်ကို သွားဖို့အတွက်တော့ အခက်အခဲရှိသွားပြီလို့ ဆိုကြပါတယ်။

အများပြည်သူတွေအသုံးပြုတဲ့နေတဲ့ လမ်းတွေကို အခုလိုဖျက်ဆီးလိုက်တာကြောင့် အလွှာပေါင်းစုံက ဒေသခံ အရပ်သားပြည်သူတွေဟာ အခက်အခဲတွေ ကြုံနေရတယ်လို့ လားရှိုးဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

“အရေးကြီးတဲ့လမ်းကို အခုကအဲ့လိုဖျက်ချလိုက်တော့ ဘယ်မှလည်းသွားလို့မရ၊လိုင်းကားတွေလည်း တစီးမှထွက် လို့မရဘူး အဲ့ကြောင့်အလုပ်လုပ်နေလည်း စားဝတ်နေရေးခက်ခဲတယ်၊ အကုန်လုံးခက်ခဲတာ ပြည်သူလူထုကိုပါ သူတို့က ညီနောင်ကိုလုပ်တာထက် ပြည်သူတွေကိုလုပ်တာဖြစ်နေတယ်၊ ဘယ်မှသွားလာလို့မရတော့ ဘယ်လို တွေစားကြမှာတုန်း” လို့ သူကပြောပါတယ်။