ဇန်နဝါရီ၊ ၁၆
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်((AA) ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် အင်အားရာကျော် ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ စခန်းစွန့်ခွာတာ၊ တခြားတပ်တွေနဲ့ ပေါင်းတာ ပြုလုပ်နေတယ်လို့ရက္ခိုင့်တပ်တော်(AA)နဲ့နီးစပ်တဲ့ဒေသခံ တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ကစတင်ခဲ့တဲ့ ရခိုင်ပြည်နယ်က တကျော့ပြန်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်၊ ရဲစခန်းတွေနဲ့ဗျူဟာကုန်းတွေ အများအပြားသိမ်းဆည်းခံနေရသလို စခန်းစွန့်ပြီး ပေါင်းတာတွေလည်း ဖြစ်ပေါ်နေတာပါ။
ပုဏ္ဏားကျွန်းမြို့နဲ့ နှစ်မိုင်ဝန်းကျင်အကွာမှာတည်ရှိပြီး အင်အားတရာကျော်ရှိတဲ့ သာစည်ရွာရှိ စစ်ကောင်စီတပ်စခန်းဟာ ဒီနေ့မနက်အစောပိုင်းက စခန်းစွန့်၊ ဆုတ်ခွာကာ မြို့ပေါ်တပ်ရင်းသို့ သွားပေါင်းခဲ့တယ်လို့ နီးစပ်တဲ့ ဒေသခံတွေက ပြောကြပါတယ်။
“ညဉ့်ထွက်ပြေးသွားတာ။ မနက်မိုင်းလင်းတော့ တကောင်မှ မကျန်တော့ဘူး။ ၅၅၀(တပ်ရင်း) ကို သွားပေါင်းကြတာ။ တပ်တော်(AA)ဆီမှာ ခွင့်တောင်ပြီး ဆုတ်တာလား။ဒီအတိုင်းထွက်ပြေးတာလားတော့ သေချာမသိဘူး”လို့ ဒေသခံအမျိုးသားတဦးက DNA ကို ပြောပါတယ်။
အဲဒီသာစည်စခန်းဟာ ရခိုင်ဒေသ တကျော့ပြန်တိုက်ပွဲစပြီးနောက် ပုဏ္ဏာကျွန်းမြို့နယ် ပေါက်တောပြင်နဲ့ ပိန္နဲချောင်းရွာတို့အနီးမှာ နေခဲ့တဲ့ စစ်စခန်းနှစ်ခုတို့မှ စစ်ကောင်စီတပ်သားတွေပါ စုပေါင်းနေထိုင်ခဲ့တဲ့ တပ်စခန်းဖြစ်ပါတယ်။
“တိုက်ပွဲစကတည်းက ပေါက်တောပြင်ဘက်ကကောင်တွေပါ။အဲဒီသာစည်မှာ ပေါင်းနေခဲ့ကြတာ။ အခု အကုန်လုံး ထွက်ပြေးသွားကြပြီ”လို့ အဲဒီဒေသခံက ပြောပါတယ်။
သာစည်စခန်းပါ စခန်းစွန့်၊ ဆုတ်ခွာသွားတာကြောင့် အခုအခါ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ မြို့ပေါ် ၅၅၀ တပ်ရင်းကလွဲလို့ စစ်ကောင်စီတပ်စခန်း တခုမှ မကျန်တော့ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
အလားတူ မနေ့က ဇန်နဝါရီ ၁၅ ရက်ကလည်း ရသေ့တောင်မြို့နယ်အတွင်းမှ လက်ကျန်တပ်စခန်းတွေဖြစ်တဲ့ ရေစိုးချောင်းဗျူဟာကုန်း၊ အမျက်တောင်၊ မညှင်းတောင်၊ ထီးစွဲ၊ ဆောက်ခတ်စခန်းတို့မှ စစ်ကောင်စီတပ်သားတွေဟာ မြို့ပေါ်တပ်ရင်းတွေဆီ ဆုပ်ခွာ၊ ထွက်ပြေးခဲ့ကြပါသေးတယ်။
အဲဒီထဲက ထီစွဲ၊ ဆောက်ခတ်စခန်းတို့မှ စစ်ကောင်စီတပ်သားတွေဟာ မြို့ပေါ်တပ်ရင်းသို့ တိုက်ခိုက်ခံရခြင်းမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပေမယ့် ရေစိုးချောင်း၊ အမျက်တောင်၊ မညှင်းတောင်စခန်းတို့မှ စစ်ကောင်စီတပ်သားတွေကတော့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး လေးဆယ်ဝန်းကျင် သေဆုံးကာ ၁၅၀ ဝန်းကျင်ဖမ်းဆီးခံခဲ့ရတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။
အဲဒီမတိုင်ခင် ရက်ပိုင်းအလိုကလည်း ရသေ့တောင်မြို့နယ် အနောက်ဘက်ခြမ်း၊ မယူကမ်းမှာရှိတဲ့ စေတီပြင်စခန်းနဲ့ အဲဒီအနီးရှိ တပ်စခန်းနှစ်ခုတို့ဟာလည်း တပ်ဆုတ် ထွက်ပြေးခဲ့ကြပါတယ်။
ဒ့ါအပြင် မြောက်ဦးမြို့နယ်မှာဆိုရင်လည်း လက်ကျန်တပ်စခန်းဖြစ်တဲ့ အင်အားတရာကျော်ရှိတဲ့ လင်းမွေတောင်စခန်းမှ စစ်ကောင်စီတပ်သားတွေဟာ ဇန်ဝါရီ ၁၂ ရက်မှာတပ်ဆုတ်သွားခဲ့ပြီး AA က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ အထိအခိုက်များခဲ့တယ်လို့ ဒေသခံတွေက ပြောထားကြပါတယ်။
“မြောက်ဦးမှာလည်း မကျန်တော့ဘူး။ ရသေ့တောင်မှာလည်း မကျန်တော့ဘူး။ မြို့ပေါ်မှာပဲ ဒီကောင်တွေ ကုပ်ကပ်ပြီးနေကြတော့တာ။ နယ်ဘက်တွေအကုန်လုံးကို ကိုယ့်ဘက်(AA)က ရသွားပြီ။ စခန်းတိုင်း ဝိုင်းခံထားရတော့ ဆက်နေရင် သေမယ်ဆိုတာသိလို့ ပြေးကြတာ”လို့ AA နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေအနေနဲ့ မသေချင်၊ မနာချင်ရင် စောစောစီးစီးအလံဖြူထောင်ကြဖို့၊ ထွက်ပြေးချင်တယ်ဆိုရင်လည်း စောစောစီးစီး ခွင့်တောင်းကြဖို့ ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ့ရဲ့ တွစ်တာကနေတဆင့် သသိပေးထားပါတယ်။
“မသေ၊ မနာချင်ရင် စောစောစီးစီး အလံဖြူထောင်၊ ထွက်ပြေးချင်တယ် လမ်းဖွင့်ပေးပါ ဘာညာခွင့်တောင်းပေ့ါ။ ခြံစည်းရုံး သုံး ထပ်လုံးပေါပက် ကတုတ်ကျင်းထဲမှာ ဂေါင်းပေါ် – ပြောင်းတည့်ထားပြီးမှ လမ်းဖွင့်ပေးပါတော့မလုပ်နဲ့ အဲဒါအရှင်ဖမ်းမိတာလို့ သတ်မှတ်တယ်”ဆိုပြီး မနေ့က ရေးသားထားတာပါ။
ပြီးခဲ့တဲ့နှစ်လကျော် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က စခဲ့တဲ့ ရခိုင်ဒေသတိုက်ပွဲတွေအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ရာကျော် စခန်းစွန့်ထွက်ပြေးခဲ့ကြပြီး တပ်စခန်းပေါင်း ၁၆၀ ဝန်းကျင်ကို AA ကသိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရခိုင်ပြည်နယ်က အင်အားနည်းတဲ့ ရဲစခန်းနဲ့ စစ်စခန်းတွေကိုစစ်ရေးနည်းဗျူဟာအရ ပြန်လည်ပေါင်းစည်းဖို့လုပ်နေတယ်လို့ နိုဝင်ဘာလ ၁၄ ရက်မှာ ပြောထားပါသေးတယ်။
ဒါပေမဲ့ ရက္ခိုင့်တပ်တော်(AA)ဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသကိုလည်း AA ကအလုံးစုံ သိမ်းပိုက်၊ ထိန်းချုပ်ထားပြီလို့ အခု ဇန်နဝါရီ ၁၄ ရက်က ကြေငြာခဲ့ပါတယ်။
လက်ရှိမှာလည်း မင်းပြားမြို့ ကျိန်းတောင်ပေါ်ရှိ စစ်ကောင်စီရဲ့တပ်စခန်းအချို့နဲ့ မြို့အခြေစိုက်တပ်ရင်းသုံးခုတို့ကို AA က ထိုးစစ်ဆင်နေပြီး တပ်စခန်းအချို့နဲ့ တပ်ရင်းတခု သိမ်းပိုက်ရရှိထားပြီဖြစ်ကာ တိုက်ပွဲပြင်းထန်နေတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
ကျောက်တော်မြို့နယ်မှာဆိုရင်လည်း တင်းမဗျူဟာ၊ ကန်စောက်အမြောက်တပ်စတဲ့စခန်းကြီးအချို့ကို သိမ်းပိုက်ထားပြီး ကန်စောက်တပ်ရင်း(ခမရ ၅၃၉)ကို ထပ်မံထိုးစစ်ဆင်နေပါတယ်။ မြောက်ဦးမြို့နယ်မှာတော့ မြို့ပေါ် တပ်စခန်းတခုနဲ့ ခရိုင်ရဲစခန်းတို့ကို သိမ်းပိုက်ထားပြီး မြို့ပေါ်တိုက်ပွဲတွေ မကြာခဏ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီရုံးစိုက်ရာ ပြည်နယ်မြို့တော်စစ်တွေနဲ့ အနီးဆုံးမှာရှိတဲ့ ပေါက်တောနဲ့ တရုတ်စီမံကိန်းကြီးတွေ တည်ရှိရာ ရခိုင်ပြည်အလယ်ပိုင်း ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲတို့မှာလည်း မြို့ပေါ်တိုက်ပွဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ရခိုင်ပြည်တွင်း ဗျူဟာကုန်းကြီးတွေနဲ့ မြို့ပေါ်တပ်ရင်း၊ တပ်စခန်းတွေ တခုပြီးတခု တိုက်ခိုက်ခံ၊ လက်လွှတ်နေရတဲ့ စစ်ကောင်စီဟာ လေကြောင်း၊ လက်နက်ကြီးတွေ ပိုသုံးပြီး အရပ်သားတွေကို ပိုမို ပစ်မှတ်ထားလာတယ်လို့ ဒေသတွင်းတက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
“မင်းပြားမှာ ဂျက်တိုက်တွေ၊ ရဟတ်ယာဉ်တွေနဲ့ နေတိုင်းပစ်တယ်။ မြို့ထဲကို ပစ်တယ်။ မီးရှို့တယ်။ အရပ်သားတွေ၊ အမျိုးသမီးတွေကို ပစ်သတ်တယ်။ စစ်တပ်က ပစ်လို့ အိမ်တွေလည်း တော်တော်မီးလောင်သွားပြီ။ တိုက်မနိုင်လို့ လူတွေကိုပဲ ဒုက္ခပေးနေတယ်”လို့ မင်းပြားဒေသခံတဦးက ပြောပါတယ်။