ရခိုင်နဲ့ပလက်ဝမှာ စစ်ကောင်စီလက်ချက်နဲ့ ကလေးတဦးအပါအဝင် တရက်တည်း အရပ်သားခြောက်ဦး သေဆုံး

ဇန်နဝါရီ၊ ၁၆
 
ရခိုင့်တပ်တော် AA နဲ့စစ်ကောင်စီတို့တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် စစ်တွေနဲ့ ပလက်ဝတို့မှာ မနေ့က တရက်တည်း စစ်ကောင်စီလက်ချက်နဲ့ အရပ်သားခြောက်ဦး သေဆုံးသွားတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ပြောပါတယ်။
 
ဒေသတခုလုံးက စစ်စခန်းတွေ ဌာနဆိုင်ရာတွေကို သိမ်းပိုက်ပြီး ထိန်းချုပ်နိုင်ပြီလို့ ရခိုင့်တပ်တော် AA က ကြေညာထားတဲ့ ပလက်ဝမှာ စစ်ကောင်စီက မနေ့က နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက်ငါးနှစ်အရွယ် စစ်ရှောင်ကလေးတဦး အပါအဝင် သုံးဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီက ပလက်ဝမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ ကျီးလေကျေးရွာထဲကိုလည်း ဗုံးသီးတွေ ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတဦး အပါအဝင် ဒေသခံအရပ်သား သုံးဦး သေဆုံးခဲ့တာလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် နောက်ထပ် အမျိုးသားတဦးနဲ့ အမျိုးသမီးနှစ်ဦးတို့လည်း ဗုံးစထိမှန်ပြီး ပြင်းထန်ဒဏ်ရာတွေ ရခဲ့ကြသေးတယ်လို့ တဆက်တည်း ဖော်ပြထားပါတယ်။ ကျီးလေကျေးရွာဟာ ပလက်ဝမြို့မြောက်ဘက် ကုလားတန်မြစ် အနောက်ဘက်ကမ်းပေါ်က ရွာတရွာဖြစ်ပါတယ်။
 
အလားတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မနေ့က စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ခဲ့တဲ့ စစ်တွေမြို့နယ် တောကန်ကျေးရွာမှာလည်း ရွာခံအမျိုးသားတဦးနဲ့ အမျိုးသားတဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
စစ်တွေမြို့နဲ့ ငါးမိုင်လောက်အကွာမှာ တည်ရှိတဲ့ တောကန်ရွာထဲကို စစ်ကောင်စီတပ်သားတွေက မနေ့က မနက်ပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး လေဖြတ်ထားတဲ့ အသက်ခုနစ်ဆယ်ကျော်အရွယ် သက်ကြီးအမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ ပစ်ခတ်သတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
 
စစ်ကောင်စီဟာ တောကန်ရွာကို တလနီးပါးအတွင်း ဒုတိယအကြိမ်မြောက် မီးရှို့ခဲ့တာဖြစ်ပြီး အိမ်ခြေရှစ်ဆယ်လောက် မီးလောင်ပျက်စီးသွားတယ်လို့ ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
နေအိမ်တရာကျော်၊ လူဦးရေ တထောင်ဝန်းကျင်ရှိတဲ့ တောကန်ရွာမှာ စစ်ကောင်စီတပ်က မီးရှို့လို့ လူနေအိမ် တရာနီးပါးအထိ ပျက်စီးသွားကာ ရွာခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကလည်း DNAကို ပြောထားပါတယ်။
 
စစ်တွေနဲ့ ပလက်ဝမှာ မနေ့က စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် အရပ်သားငါးဦး သေဆုံးခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ DNA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတော့ တောကန်ကျေးရွာ မီးရှို့ခံရမှု ဖြစ်စဉ်ဟာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာလို့ ဆုတ်ခွာထွက်ပြေးတဲ့ AA တပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့တာဆိုပြီး ဖော်ပြကြပါတယ်။ ဒါပေမယ့် ရခိုင့်တပ်တော် AA ကလည်း အဲဒီဖြစ်စဉ်ဟာ စစ်ကောင်စီလက်ချက်လို့ မနေ့က ထုတ်ပြန်ထားပါသေးတယ်။
 
အလားတူ တောင်ကုတ်မြို့နယ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၂၁ ရက်ကတည်းက ဖမ်းဆီးခေါ် ဆောင်သွားခဲ့တဲ့ ခူးတိုက်နယ်၊ တပျော့ကျေးရွာ ဒေသခံသုံးဦးအနက် အသက် ၁၉ နှစ်အရွယ် အမျိုးသားတဦးဟာ မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေလက်ချက်နဲ့ သေဆုံးသွားတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
 
စစ်ကောင်စီဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့အခြေစိုက် ခမရ (၃၇၇) နဲ့ (၃၇၈) တပ်ရင်းတွေအနီးမှာရှိတဲ့ ဘောင်းဒွတ် ကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။
 
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား အပစ်ရပ်ဖို့ သဘောတူထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲ မရှိပေမယ့် စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်ရှိနေတုန်းပဲလို့ ဆိုပါတယ်။
 
ဓာတ်ပုံ​ – Social Media
ပုံစာ – စစ်တွေမြို့နယ် တောကန်ကျေးရွာ မီးရှို့ခံထားရစဉ်