ဘီးလင်းက စစ်ကောင်စီစခန်းကို တော်လှန်ရေးအင်အားစုတွေ ပိတ်ဆို့ထား

ဇန်နဝါရီ၊ ၁၄
 
တော်လှန်ရေးအင်အားစုတွေနဲ့ တလကျော်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာအခြေစိုက်တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ဝိုင်းဝန်ပိတ်ဆို့ပြီး ရိက္ခာဖြတ်တောက်ထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
 
” ဒီကောင်တွေ စစ်ကူလာလို့လဲ မရတော့ဘူး။ အထဲမှာ ပိတ်မိနေတာပေါ့။ ဒီဘက်(ပူးပေါင်းအဖွဲ့)က အကုန်လုံးကို ပိတ်ဆို့ထားတာ” လို့ မြေပြင်မှာ ရှိနေတဲ့ပြည်သူ့ကာကွယ်ရေးတပ်( PDF )ရဲဘော်တဦးက DNA ကို ပြောပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) အင်အား ခြောက်ဆယ်ကျော်တပ်စွဲထားတဲ့ ဝင်းတာပန်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်ကတည်းကကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDOနဲ့ PDF ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်နေတာပါ။
 
တိုက်ပွဲဖြစ်ပွားနေတဲ့ကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးတာ သုံးကြိမ်ရှိခဲ့ပြီး အဲဒီစခန်းမကျဖို့ကို စစ်ကောင်စီတပ်ဘက် အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
 
လက်ရှိ နှစ်ဖက်တိုက်ပွဲက ဒီကနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က စစ်ကူအများအပြားဖြည့်တင်းဖို့ ကြိုးစားနေပေမယ့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က အဖက်ဖက်ကနေ လမ်းကြောင်းပိတ်ဆို့တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ ရှိနေတဲ့အတွက် ရှေ့ဆက်တိုးမရဖြစ်နေတယ်လို့သိရပါတယ်။
 
ဒီလိုမျိုး စခန်းတွင်းပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအတွက် လေကြောင်းကနေ ရိက္ခာနဲ့ လက်နက်ခဲယမ်းတချို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနောက်ဆုံးပတ်ထဲမှာ လာချပေးခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
“ပစ်ခတ်မှုက နေ့တိုင်းရှိတယ်ပေါ့နော်။ကိုယ့်ဘက်က ဝိုင်းထားတာ၊ ဝင်တာနဲ့ လေကြောင်းက ရောက်လာနိုင်တော့ အခြေအနေကို ကြည့်ပြီး စစ်ရေးလှုပ်ရှားနေရတယ်။ သူတို့(စစ်တပ်)အထိုင်စခန်းတခုလည်း ဖြစ်တော့ ခက်ခဲတော့ရှိတာပေါ့” လို့ အဲဒီ ရဲဘော်က ပြောပါတယ်။
 
တလကျော်ကြာဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုဘက်က ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိထားပြီး တချို့က ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် တိုက်ပွဲမှာ စစ်ကောင်စီဘက် အထိအကျအဆုံးရှိနေပေမယ့် အရေအတွက်အတိအကျကို အတည်မပြုပေးနိုင်ခြင်းမရှိသေးဘူးလို့ လည်းပြောပါတယ်။
 
ဝင်းတာပန်ကျေးရွာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။
 
အဲဒီစခန်းမှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အနီးပတ်ဝန်းကျင်ကျေးရွာတွေဘက်ကို နေ့စဉ်နဲ့အမျှလက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ ရှိနေတဲ့အတွက် ဒေသခံထောင်ချီဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီပေးသူတွေထံက သိရပါတယ်။
 
ဒီလိုမျိုး ထွက်ပြေးတိမ်းရှောင်နေရတဲ့အရပ်သားတွေအတွက် နေရာထိုင်ခင်းတွေနဲ့ စားနပ်ရိက္ခာအကူအညီတွေကို ကေအဲန်ယူနဲ့ အလှူရှင်တချို့က ထောက်ပံ့ကူညီပေးထားတာရှိနေပမယ့် ရေရှည်မှာ အခက်အခဲရှိလာနေပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
 
” လက်နက်ကြီးပစ်တာနဲ့ လေကြောင်းကနေ လာပစ်မှာစိုးရိမ်တာ၊ ရွာသားတွေလည်း ကိုယ့်အစီအစဉ်နဲ့ပဲ ပြေးကြ၊ရှောင်နေကြတာပေါ့” လို့ စစ်ရှောင်အရေးအကူအညီပေးနေသူတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media (ပုံဟောင်း)