ဆေးကုခွင့်မရလို့ နိုင်ကျဉ်းတဦး သေဆုံး၊ မအူပင်ထောင် အမျိုးသမီးနိုင်ကျဉ်းတွေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံနေရ

ဇန်နဝါရီ၊ ၁၄
 
မွန်ပြည်နယ် ကျိုက်မရောအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (နိုင်ကျဉ်း)တဦး လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရရှိခဲ့တဲ့အတွက် ဒီလ ၁၁ ရက်က သေဆုံးသွားတယ်လို့ အဲဒီအကျဉ်းထောင်နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
 
“ သူက ထောင်ဒဏ်နှစ်ရှည်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတဦးပါ။ အဲဒီနေ့က ထောင်အာဏပိုင်တွေက အချိန်မှီဆေးကုသခွင့်မပေးခဲ့လို့ မသေသင့်ပဲ သေသွားတာပါ။ ရောဂါအလိုကတော့ ဖျားနာရင် ဖြစ်တယ်လို့ ကြားပါတယ် ” လို့ သူကဆိုပါတယ်။
 
ကျိုက်မရော အကျဉ်းထောင်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄(က) နဲ့ နှစ်ကြိမ် တရားစွဲဆိုခံထားရပြီး ထောင်ဒဏ် တသက်တကျွန်းနှစ်ကြိမ် ကျခံနေရတဲ့ နိုင်ကျဉ်း ရဲဘော်တဦးဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ် ယာရှင်(ခ) ဟာရှင်ဟာ ထောင်တွင်း ဆေးဝါးကုသခွင့်မရလို့ သေဆုံးသွားခဲ့တာပါ။
 
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်းရှိ ထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်နဲ့ ဆေးဝါးမရရှိတာ၊ ဆေးဝါး မပြည့်မစုံတာတွေနဲ့ ကျန်းမာရေးဝန်ထမ်း မရှိတာတွေကြောင့် နိုင်ကျဉ်းတွေ အပါအဝင် အကျဉ်းသားတွေ အသက်သေဆုံးမှုတွေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။
 
ထောင်အာဏာပိုင်တွေက အကျဉ်းထောင်အတွင်းသို့ ဆေးဝါးလုံလောက်စွာ ပို့ဆောင်ခွင့်မပေးတဲ့အပြင် ဘယ်လိုရောဂါဖြစ်ဖြစ် ပါရာစီတမော့လောက်ကိုပဲ ပေးပြီး အရေးပေါ် ထောင်ပြင်ပ ဆေးဝါးကုသခွင့်တောင်းခံတဲ့အခါ အချိန်ကြာမြင့်တာတွေကြောင့် အကျဉ်းသားတွေသေဆုံးနေရတယ်လို့ နိုင်ကျဉ်းမိသားစုဝင် တဦးကပြောပါတယ်။
 
“ အခုဆိုရင် ထောင်ထဲမှာ နိုင်ကျဉ်းတွေ ဆေးကုသခွင့်မရလို့ အသက်သေဆုံးတယ်ဆိုတဲ့ သတင်းတွေ ခပ်စိပ်စိပ်ကြားလာရတယ်။ ကျမတို့လည်း ကလေးအတွက် စိတ်ပူတော့ သူသောက်နေကျ ဆေးလေးတွေ ပေးချင်တာတောင် ပေးမရဘူး။ တခုခုဆိုရင် သူအတွက် အရမ်းစိတ်ပူရတယ် ” လို့ သူကဆိုပါတယ်။
 
အလားတူပဲ ဧရာဝတီတိုင်း၊ မအူပင်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသူတွေကို လုံခြုံရေး အကြောင်းပြပြီး ထောင်အာဏာပိုင်တွေက တရားရုံးထုတ်ချိန်နဲ့ ပြန်ချိန်တွေမှာ အမျိုးသမီးကိုယ်နဲ့ စအိုတွေကို လက်နဲ့နှိုက်ပြီး ရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
 
မအူပင်ထောင်ရှိ အဆောင်မှူး ဒေါ်မေဇင်ထွန်းနဲ့ ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသူတွေကို တရားရုံး ဝင်ထွက်ချိန်တွေမှာ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုပြီး အဆောင်ရှေ့ လူမြင်ကွင်းရှေ့မှာ အဝတ်ဗလာထားကာ စစ်ဆေးတာတွေ ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
 
“ တကယ်လုံခြုံရေးကို ဂရုစိုက်တယ်ဆိုရင် စကမ်ဖတ်တဲ့စက်တွေ ရှိရမှာပေါ့နော်။ ကျန်တဲ့ထောင်တွေမှာ ဒီလိုမရှိပေမယ့် မအူပင်ထောင်မှာ အခုလို လုပ်နေတာတွေ ရပ်တန့်ဖို့ပြောချင်တယ် ” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
 
အခုလို အမျိုးသမီးတွေရဲ့ အရှက်နဲ့ သိက္ခာကို မငဲ့ကွက်ဘဲ ပြုမှုဆက်ဆံနေတာတွေဟာ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေသာဖြစ်ပြီး လူအခွင့်အရေးကို လည်းပေါ်ပေါ်တင်တင် ချိုးဖောက်ရာရောက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဆိုထားပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်အထိ နိုင်ငံရေးအကျဉ်းသား ၁၉,၉၁၁ ဦး ဖမ်းဆီး ပြစ်ဒဏ်ချခံခဲ့ရပြီး အဲဒီအထဲမျာ ၈,၄၇၄ ဦးက အကျဉ်းထောင်အသီးသီးမှာ ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Social Media