ဟိုပန်နဲ့ ပန်လုံကို လွှဲပေးဖို့ စစ်ကောင်စီသဘောတူခဲ့တာလို့ “ဝ”အဖွဲ့ပြော

ဇန်နဝါရီ ၁၃

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက စစ်ကောင်စီထိန်းချုပ်ရာ မြို့နှစ်မြို့ဖြစ်တဲ့ ဟိုပန်နဲ့ ပန်လုံဒေသတွေကို လွှဲ ပေးဖို့ စစ်ကောင်စီကသဘောတူခဲ့တာလို့ “ဝ”အဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေး စာမျက်နှာ WSTV က အခုညပိုင်းမှာ ဖော်ပြပါတယ်။

အဲ့ဒီမြို့နှစ်မြို့ လွှဲပြောင်းလက်ခံတဲ့အခမ်းအနားကို “ဝ”အစိုးရအဖွဲ့ရဲ့ မိုင်းမောခရိုင်အတွင်းရေးမှူး ဗဟိုကော်မတီ အရံကော်မတီဝင်ဦးရှောက်ဆိုင်ပေါင်းနဲ့ “ဝ”ပြည်နယ် နိုင်ငံရေးအတိုင်ပင်ခံဌာန ဥက္ကဌ ဦးကျောက်အိုက်တောင်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ လောက်ကိုင်ဒေသတခုလုံးကို ရရှိပြီးနောက် ဇန်နဝါရီ ၅ရက်မှာ ဟိုပန်မြို့ကိုထိုးစစ် ဆင်ခဲ့ပြီး “ဝ”အဖွဲ့ဆီလွှဲပြောင်းပေးခဲ့ပါတယ်။

မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ မဟာမိတ်တပ်တွေက ထိုးစစ်ဆင်လာချိန် UWSA “ဝ”တပ်ဖွဲ့ ဝင်တွေက မြို့အတွင်းဝင် ရောက်ကာ ထိန်းသိမ်းညှိနှိုင်းမှုတွေလုပ်ပြီးနောက် စစ်ကောင်စီခန့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဥက္ကဌ ဦးညီနပ် က ဒေသအုပ်ချုပ်ရေးကိစ္စတွေကို “ဝ”အဖွဲ့ဆီလွှဲပေးခဲ့တာဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး နှစ်ဖက် ဘယ်လိုသဘောတူညီချက်တွေရှိခဲ့တယ်ဆိုတာစစ်ကောင်စီကတော့ လက်ရှိအချိန်အထိ တစုံတရာ ထုတ်ဖော်ပြောဆိုတာမရှိ ဘဲ နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။

“ဝ”အဖွဲ့ရဲ့ အခုညပိုင်းသတင်းထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အဲ့ဒီအဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း ကို ဆက်သွယ်မေးမြန်းပေမယ့်ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းထဲမှာ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက် မန်း နဲ့ ပန်ဆန်း (ပန်ခမ်း)စတဲ့ ခြောက်မြို့နယ်ပါဝင်ပါတယ်။ ပန်လုံမြို့ကတော့ ဟိုပန်မြို့နယ်ထဲက မြို့နယ်ခွဲအ ဆင့်ရှိတဲ့ မြို့ငယ်တခု ဖြစ်ပါတယ်။

အဲဒီခြောက်မြို့နယ်ထဲက ဟိုပန်နဲ့ မက်မန်း နှစ်မြို့နယ်ကိုသာ စစ်အုပ်စုရေးဆွဲတဲ့ ၂၀၀၈ အခြေခံဥပဒေအရ ပေါ် ပေါက်လာတဲ့ အစိုးရတွေက ထိန်းချုပ်နိုင်ပြီး ကျန်တဲ့လေးမြို့နယ်ကိုတော့ “ဝ” တပ်ဖွဲ့က ထိန်းချုပ်ထားတာပါ။

 Photo – WSTV