အင်းဝဘဏ်တိုက်ခိုက်ခံရပြီး ပြည်သူ့စစ်တဦးသေ၊ အရပ်သားနှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ

ဇန်နဝါရီ ၊ ၁၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ်က စစ်တပ်ပိုင် အင်းဝဘဏ်ကို ဒီလ ၁၂ ရက်၊ နေ့လယ် ၁ နာရီခန့်က တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်လို့ စစ်ကောင်စီဘက်က တဦးသေဆုံးကာ အရပ်သားနှစ်ဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

” ဘဏ်ရှေ့လုံခြုံရေးယူပေးနေတဲ့ စစ်သားကို ဝင်ပစ်တာ။ ကိုယ့်ဘက်က လက်ဦးမှု ရသွားတာ။ မျက်စိရှေ့မှာ တယောက်ကျတယ်။တဦးဒဏ်ရာရတယ်” လို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုအေးမင်းထွန်းက DNA ကို ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးပူးပေါင်းအင်အားစုတွေဟာ ဘဏ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေထံကနေ M 16 သေနတ်တလက်ကိုလည်း ပူးပေါင်းအဖွဲ့ဘက်က သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်၊ ကံ့ကော်ရပ်ကွက် ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးဘေး စစ်တပ်ပိုင်အင်းဝဘဏ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့တာပါ။

နှစ်ဘက်ပစ်ခတ်မှု မိနစ်အငယ်ကြာဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်မှုအတွင်း ဘဏ်လုံခြုံရေးယူပေးနေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးသေဆုံးကာ တဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် ပစ်ခတ်မှု ဖြစ်ပွားပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာချိန်မှာ စစ်ကောင်စီဘက်က ပစ်ခတ်လို့ ဘဏ်မျက်စောင်းထိုးမှာ ရှိတဲ့ ရွှေဆိုင်ဝန်ထမ်းအမျိုးသမီးနှစ်ဦး ကျည်ရှပ်ထိ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

” ဟိုဘက်(PDF)က ပစ်ပြီး ပြန်ထွက်တဲ့အချိန် ဘဏ်ထဲကနေ လှမ်းပစ်တာ အရှေ့က ရွှေဆိုင်ဝန်ထမ်းနှစ်ဦး ထိသွားတာ၊ ဒဏ်ရာက မများဘူး” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူမြို့ခံတဦးက ပြောပါတယ်။

အဲဒီနောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားနှစ်ဦးအပါအဝင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးကို ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး ပြည်သူ့စစ်တပ်ဖွဲ့ကတော့ ဒဏ်ရာ ပြင်းထန်တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြို့ပေါ်က ဈေးဆိုင်အားလုံးနီးပါးက ပိတ်သိမ်းလိုက်ရသလို စစ်ကောင်စီတပ်ဖွဲ့တွေက မြို့အဝင်အထွက်နဲ့ နေရာအနှံ့ကို ပိတ်ဆို့ရှာဖွေတာတွေနဲ့ လမ်းသွားလမ်းလာတချို့ကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ရေးမြို့ပေါ်က စစ်တပ်ပိုင် မြဝတီဘဏ်ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၊စက်တင်ဘာလ ၂၆ ရက်က ရေးဘီလူးအဖွဲ့က သွားရောက်တိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးနဲ့ ဘဏ်ဝန်ထမ်းတဦးသေဆုံးခဲ့ပါသေးတယ်။