မျိုးဆက်သစ် တိုက်လေယာဉ် တီထွင်နေပေမယ့် Rafale အစီးလေးဆယ်ကျော် ပြင်သစ် ထပ်မံမှာယူ

ဇန်နဝါရီ ၊ ၁၃

ပိုပြီး ခေတ်မီတဲ့ မျိုးဆက်သစ် တိုက်လေယာဉ်တွေကို စောင့်သင့် မစောင့်သင့် အချိန်အတော်ကြာအောင် အငြင်းပွားခဲ့တဲ့နောက် ပြင်သစ်ဟာ Rafale တိုက်လေယာဉ် အစီး ၄၀ ကျော်ကို ထပ်မံ မှာယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။

 ကာကွယ်ရေး ဝန်ကြီးဌာနက Dassault Aviation ကုမ္ပဏီထုတ် တိုက်လေယာဉ် ၄၂ စီးကို ဒေါ်လာ ၅.၅ ဘီလီယံနဲ့ ထပ်မံ ဝယ်ယူသွားမှာ ဖြစ်တယ်လို့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

 အစောပိုင်းမှာ တချို့ လွှတ်တော်အမတ်တွေက Rafale တိုက်လေယာဉ်တွေ ဝယ်ယူမယ့် အစီအစဉ်ကို ကန့်ကွက်ပြီး ပြင်သစ်နဲ့ ဂျာမနီ ပူးပေါင်း သုတေသနပြု တည်ဆောက်နေတဲ့ မျိုးဆက်သစ် တိုက်လေယာဉ်တွေ ပေါ်ထွန်းလာတဲ့ အချိန်ထိ စောင့်ဆိုင်းသင့်ကြောင်း ထောက်ပြခဲ့ပါတယ်။

 Rafaleတွေရဲ့ နေရာကို ရေရှည် ဆက်ခံဖို့ ရည်ရွယ်ထားတဲ့ အဲဒီ တိုက်လေယာဉ်သစ် တည်ဆောက်မှု စီမံကိန်းကို Future Combat Air Systemလို့ ယာယီ ကုတ်ဒ်နာမည် ပေးထားပြီး ၂၀၄၅ ခုနှစ်နဲ့ ၂၀၅၀ ပြည့်နှစ် အတွင်းတွေလောက်မှာ လက်တွေ့ ရုပ်လုံးပေါ်လာမယ်လို့ ယုံကြည်ရပါတယ်။

 ဒါပေမဲ့လည်း လက်ရှိ နိုင်ငံတကာရေးရာ ရှုပ်ထွေးမှုတွေ၊ ခြိမ်းခြောက်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့အတွက် ပြင်သစ်ဟာ Rafaleတွေကို ပိုမို လိုအပ်နေဆဲ ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ စစ်လက်နက် ဝယ်ယူရေးဌာနက လွှတ်တော်ကို အဆိုတင်ပြခဲ့ပါတယ်။

 Rafaleတွေ ဖြည့်တင်း ဝယ်ယူဖို့ သဘောတူညီနိုင်ခဲ့တာဟာ ပြင်သစ် လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေအတွက် သတင်းကောင်းဖြစ်ကြောင်း၊ နိုင်ငံရဲ့ စစ်ဆင်ရေး စွမ်းအင်ကိုလည်း ခေတ်နဲ့အညီ မွမ်းမံ မြှင့်တင်နိုင်မှာဖြစ်ကြောင်း ဝန်ကြီး ဆီဘက်ရှန် လီကော်နူက ပြောကြားခဲ့ပါတယ်။

 Rafaleတွေဟာ ရေတပ်နဲ့ လေတပ်သုံး မျိုးကွဲတွေရှိပြီး ၂၀၀၄ ခုနှစ်ကစလို့ ပြင်သစ် ရေတပ်မှာ အစောဆုံး စတင် အသုံးပြုခဲ့ပါတယ်။ Rafale တိုက်လေယာဉ်တွေဟာ အာဖဂန် နစ္စတန်၊ လစ်ဗျား၊ မာလီ၊ အီရတ်နဲ့ ဆီးရီးယား စစ်မြေပြင်တွေမှာ လက်တွေ့ စစ်ဆင်ရေးတွေ ဆောင်ရွက်ပြခဲ့ ယုံကြည်စိတ်ချရတဲ့ စစ်လက်နက် အမျိုးအစားဆိုတာ သက်သေထူထားပြီးပါပြီ။

 နောက်ဆုံး မှာယူထားတဲ့ အရေအတွက်ပါ ပေါင်းစပ်ရင် ပြင်သစ်ဟာ Rafale တိုက်လေယာဉ် စုစုပေါင်း ၂၃၄ စီးထိ ပိုင်ဆိုင်လာတော့မှာပါ။ Rafaleတွေကို အီဂျစ်၊ အိန္ဒိယ၊ ယူအေအီးနဲ့ အင်ဒိုနီးရှားတို့ဆီ စုစုပေါင်း ၂၆၁ စီး တင်ပို့ထားသလို ဂရိနဲ့ ခရိုအေးရှားတို့ကလည်း ပြင်သစ် လေတပ်ဆီက တပတ်ရစ် တိုက်လေယာဉ် ၁၂ စီးစီ မှာယူထားတယ်လို့ သိရပါတယ်။

 Ref: Defense News