ဇန်နဝါရီ၊ ၁၂
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ ရှမ်းမြောက်ရှိ စစ်ကောင်စီစခန်း၊ ဗျူဟာကုန်း တွေကို ထိုးစစ်မဆင်ဖို့နဲ့ စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေ မလုပ်ဖို့ အပြန်အလှန်သဘောတူခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က အခုညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဇန်နဝါရီ ၁၀ ရက်ကနေ ၁၁ ရက်အထိ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး မနေ့ည ကိုးနာရီကစလို့ နှစ်ဖက်တပ်တွေ အပစ်ရပ်ဖို့ သဘောတူခဲ့တာလို့ ဆိုပါတယ်။
နှစ်ဖက်တပ်တွေကြား ပစ်ခတ်တိုက်ခိုက်မှုနဲ့ ထိတွေ့မှု မရှိစေရေး၊ တရုတ်-မြန်မာ နယ်စပ်ဒေသက တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံအတွင်းက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးကို မထိခိုက်ကြဖို့၊ မဖျက်ဆီးကြဖို့ သဘောတူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ချက်ချင်းအပစ်ရပ်စဲရေးဆိုင်ရာ အစီအမံနဲ့ တခြားကိစ္စတွေကို ဆက်လက်ဆွေးနွေးကြဖို့လည်း သဘောတူခဲ့တယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးမှုဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း နှစ်ဖက်ကြား တတိယအကြိမ်ဆွေးနွေးမှု ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှု အခြေအနေကို အခုတကြိမ်မှာမှ တရားဝင်ထုတ်ပြန်အသိပေးတာ ဖြစ်ပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ဟာ ရှမ်းမြောက်ဒေသမှာ နှစ်လခွဲနီးပါးလောက် တိုက်ပွဲတွေပြင်းထန်ခဲ့ကြပြီး လက်ရှိမှာ ရှမ်းမြောက်ဒေသတွင်းက မြို့ ၁၇ မြို့လောက်ကို ညီနောင်မဟာမိတ်တပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အခု အပစ်ရပ်သဘောတူညီချက်မှာ ရခိုင်ဒေသ မပါဝင်တာကြောင့် AA နဲ့ စစ်ကောင်စီတို့ကြား ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ရှိနေမယ့်သဘော ဖြစ်ပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အပစ်ရပ်သဘောတူညီမှု ရခဲ့ကြောင်း ဒီကနေ့ ထုတ်ပြန်ပြောဆိုထားပါတယ်။
“ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြီးရင် နယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်မြန်မာ နှစ်နိုင်ငံ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” လို့ စစ်ကောင်စီပြောခွင့်ရက ဆိုထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကာလ နှစ်လကျော်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေ ဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုံးကိုး၊ ကွမ်းလုံ၊ ဟိုပန်၊ ပန်လုံ၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ခမ်း၊ ပန်ဆိုင်း/ကြူကုတ်၊ ကွတ်ခိုင်၊ သိန္နီ စတဲ့မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တာပါ။
အဲဒီမြို့တွေထဲက “ဝ” ဒေသထဲက မြို့နှစ်မြို့ဖြစ်တဲ့ ဟိုပန်နဲ့ ပန်လုံမြို့တွေကိုတော့ “ဝ” တပ်ဖွဲ့ UWSA က လွှဲပြောင်းယူ သွားခဲ့ပါတယ်။
ဓာတ်ပုံ – 3BHA