ခင်ဦးမှာ စစ်ကောင်စီက အရပ်သားလေးဦးကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့

ဇန်နဝါရီ၊ ၁၂
 
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းမှာ ဒေသခံ အရပ်သားလေးဦးကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့သွားတယ်လို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
 
“ စစ်ကြောင်းထိုးလာချိန်တိုးပြီး ရွာသုံးရွာက လေးယောက်ကို သတ်သွားတာလို့ သိရတယ်၊ တယောက်က ဦးမြင့်ဆွေက လည်လှီးသတ်ခံရတာ ” လို့ ခင်ဦးဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
 
စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီးနောက် ဒေသခံတွေ ရွာထဲပြန်ဝင်ကြချိန်မှာ သတ်ဖြတ်ခံထားရသူတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရတာလို့ ဆိုပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်ခဲ့သူတွေဟာ အသက် ၆၇ အရွယ် မြင်းကျရွာခံတွေ ဖြစ်တဲ့ ဦးလှဝင်း၊ ဦးမြင့်ဆွေ ဆိုသူတို့နှစ်ဦး၊ ကျွန်းတောကြီး ရွာက အသက် ၄၀ အရွယ် မယဉ်ယဉ်နဲ့ ကားဆိပ်ရွာက အသက် ၄၇ အရွယ် မယဥ်မိုး တို့ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မယဉ်မိုးရဲ့ အမျိုးသားဖြစ်သူဟာလည်း ဒဏ်ရာရခဲ့တာကြောင့် လက်ရှိဆေးရုံမှာ ကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲက မယဉ်ယဉ်ဟာ ကိုယ်ဝန်ဆောင်မိခင်တဦး ဖြစ်တယ်လို့လည်း ကနဦးသိရပါတယ်။
 
လက်ရှိ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်း တပတ်အတွင်း စစ်ကောင်စီလက်ချက်နဲ့ နိုင်ငံတဝန်းမှာ တရက်ကို အရပ်သား ရှစ်ဦးနှုန်းလောက် သေဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့အချက်အလက်တွေအရ သိရပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ပထမပတ်အတွင်းမှာပဲ သေဆုံးသူ အရပ်သား ၅၇ ဦးထက်မနည်း ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
 
သေဆုံးခဲ့ရသူတွေထဲ အသက် ၁၆ နှစ်အောက် ကလေးသူငယ် ၁၈ ဦး ပါဝင်တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီဟာ ခင်ဦးဒေသခံ အရပ်သားငါးဦးကို သေနတ်နဲ့တေ့ပြီး ပစ်ခတ်ခဲ့တာ၊ လှည်လှီးသတ်ဖြတ်တာတွေ လုပ်ခဲ့တာလို့ ခင်ဦးမြို့နယ်အတွင်းက မြေပြင်အခြေအနေတွေ ဖော်ပြပေးနေတဲ့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖော်ပြထားပါတယ်။
 
အခုလို အရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၁၀ ရက်ကစလို့ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတာဖြစ်ပြီး မနေ့က တဲစုရွာကို မီးရှို့ဖျက်ဆီးခဲ့သလို ဒီကနေ့မနက်ပိုင်းမှာ ပျဥ်ထောင်၊ မြင်းကျ၊ ကျွန်းတောကြီး၊ အရာတော်၊ ကားဆိပ် စတဲ့ ကျေးရွာတွေဘက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးခဲ့တယ်လို့ ဆိုပါတယ်။
 
အဲဒီစစ်ကြောင်းကို ဒေသအခြေစိုက် ကာကွယ်ရေးတပ်တွေက တဲစုရွာ နဲ့ ပျဉ်ထောင်ရွာ ကြားမှာ မနေ့က စောင့်ကြိုတိုက်ခိုက်ခဲ့သလို ဒီကနေ့မနက်ပိုင်းမှာလည်း ၄၅ မိနစ်ဝန်းကျင်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ဖော်ပြထားပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးတာကြောင့် ကျွန်းတောကြီးရွာထဲက နေအိမ်ဆယ်လုံးခန့် မီးလောင် ပျက်စီးသွားတယ်လို့သာ လတ်တလောသိရပြီး စုစုပေါင်းပျက်စီးဆုံးရှုံးခဲ့တဲ့ အိမ်ခြေအရေအတွက်ကို တိတိကျကျ မသိရသေးပါဘူး။
 
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာနဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် ခင်ဦးမြို့နယ်အနောက်ခြမ်းက ရွာသန်း၊ ရေအေးကုန်း၊ ကျီးကန်၊ လက်ပံလှ၊ အင်းပတ်၊ မရမ်းအင်း၊ တဲစု၊ ပျဥ်ထောင်၊ မြင်းကျ၊ ကျွန်းတောကြီး၊ အရာတော်၊ ကားဆိပ် စတဲ့ ကျေးရွာတွေအပါအဝင် ဒေသခံ ၈,၀၀၀ ကျော် ရှောင်တိမ်းခဲ့ရတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ​ – ခင်ဦးသတင်းမှန်ပြန်ကြားရေး (ပုံဟောင်း)
ပုံစာ – စစ်ကောင်စီကြောင်းထိုးလို့ တိမ်းရှောင်နေရတဲ့ ခင်ဦးဒေသခံတချို့