ဟိုသီ စစ်ရေးပစ်မှတ်တွေကို အမေရိကန်နဲ့ ဗြိတိန် လက်တုံ့ပြန်တိုက်ခိုက်

ဇန်နဝါရီ၊ ၁၂

ဒေသတွင်း အရပ်ဖက် ရေကြောင်း သွားလာမှုတွေကို ရန်ပြု တိုက်ခိုက်နေတဲ့ ယီမင်အခြေစိုက် ဟိုသီ သူပုန်တွေကို အမေရိကန်နဲ့ ဗြိတိန်တို့ ပူးပေါင်းပြီး စစ်ရေးအရ လက်တုံ့ပြန်ခဲ့ပါတယ်။
ဇန်နဝါရီ ၁၁ ရက်နေ့မှာ ယီမင်ပိုင်နက်ထဲက ဟိုသီ စစ်ရေးပစ်မှတ် တဒါဇင်ထက် မနည်းကို တိုက်လေယာဉ်တွေကနေ ပစ်ခတ်တဲ့ ဒုံးကျည်တွေနဲ့ ဒေသတွင်း အမေရိကန် စစ်ဆင်ရေး ရင်းမြင်တွေကနေ ပစ်လွှတ်တဲ့ Tomahawk ဒုံးကျည်တွေ အသုံးပြုပြီး ဖျက်ဆီးခဲ့တယ်လို့ အမေရိကန် စစ်တပ်ကရော၊ သမ္မတ ဂျိုးဘိုင်ဒန်ကပါ ပြောကြားခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေး ကဏ္ဍမှာ ဗြိတိန်ကလည်း ပူးပေါင်း ပါဝင်ခဲ့ပြီး တခြား အနောက်မဟာမိတ် နိုင်ငံတချို့ကလည်း နည်းပညာနဲ့ သတင်းအချက်အလက်ဆိုင်ရာ အကူအညီတွေ ပေးခဲ့ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။
ဂါဇာစစ်ပွဲ စတင်လာချိန် ကတည်းက ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့မှာ ခုတ်မောင်းနေတဲ့ အရပ်ဖက် ရေယာဉ်တွေကို ဟိုသီတွေက ပစ်မှတ်ထား တိုက်ခိုက်မှုပေါင်း ၂၇ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ပြီး ထိခိုက် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ နိုင်ငံတကာ ရေနံစိမ်း စျေးကွက်မှာလည်း အဲဒီဂယက်ရဲ့ဒဏ်ကို အတော် ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။
အခု သီတင်းပတ် အစောပိုင်းမှာတော့ ဟိုသီတွေက အမေရိကန် ကုန်တင်သင်္ဘော တစီးကို ဦးတည်ပြီး ပမာဏ အများဆုံး ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို အသုံးပြု ပစ်ခတ်ခဲ့တာကြောင့် ဗြိတိန်နဲ့ အမေရိကန် ရေတပ်တွေက ကြားဖြတ် ဟန့်တားခဲ့ရပါတယ်။
အခုလို ဟိုသီ စစ်ရေး ပစ်မှတ်တွေကို လက်တုံ့ပြန် ဖျက်ဆီးပြခဲ့တာက အမေရိကန်ဟာ ပင်လယ်နီမှာ ရန်စနေတဲ့ လုပ်ရပ်တွေကို ရှေ့ဆက် သည်းခံတော့မှာ မဟုတ်ဘူးလို့ အတိအလင်း သတိပေးလိုက်တာလည်း ဖြစ်တယ်လို့ ဘိုင်ဒန်က ပြောပါတယ်။
မျက်မြင်တွေရဲ့ အဆိုအရ ဟိုသီတွေ ထိန်းချုပ်ထားရာ ဆာနားမြို့တော် တဝိုက်မှာတင် ပေါက်ကွဲသံတွေ လေးခုလောက်ဆင့်ပြီး ကြားခဲ့ရတယ်လို့ သိရပါတယ်။ အီရန်က လက်နက်တပ်ဆင် ထောက်ပံ့ပေးနေတဲ့ ဟိုသီတွေဟာ ဆာနားအပြင် ယီမင်မှာ ကျယ်ပြန့်တဲ့ နယ်မြေ ပမာဏ အတော်များများကိုပါ ထိန်းချုပ် သိမ်းပိုက်ထားပါတယ်။
Ref: AP