ညောင်လေးပင်မှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးအပါအဝင်လေးဦး ဒဏ်ရာရ

နိုဝင်ဘာ ၂၃

ကရင်အမျိုးသားအစည်းအရုံးKNU ရဲ  ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်ထဲမှာ စစ်ကောင်စီက သုံးရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ကြိမ်အထိလုပ်ခဲ့တာကြောင့် ငါးနှစ်အောက် ကလေး နှစ်ဦးအပါအဝင် အရပ်သားလေးဦးဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုကဒီကနေ့ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ညောင်လေးပင် ခရိုင်ထဲက မူး(မုန်း)မြို့နယ် နဲ့ လယ်ဒိုမြို့နယ်တွေအတွင်း နိုဝင်ဘာ ၁၆ရက်၊၂၀ ရက်နဲ့ ၂၁ရက်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် မူးမြို့နယ် ငနွားဆိပ်ကျေးရွာက အသက်ငါးနှစ်အရွယ် မောင်အောင်လင်းထက်၊ သုံး နှစ် ခွဲအရွယ်မအေးစန္ဒာဖြိုးတို့အပါအဝင် ရွာခံလေးဦးဒဏ်ရာတွေရခဲ့သလို နေအိမ်တလုံးလည်းထိခိုက်ပျက်စီးခဲ့ တယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ မူးမြို့နယ်ထဲက ရွာကိုးရွာလောက်ကို နိုဝင်ဘာ ၂၀ရက်နဲ့ ၂၁ရက် နှစ်ရက်ဆက် လေကြောင်း တိုက်ခိုက်မှုတွေလုပ်ခဲ့တာဖြစ်ပြီး ဂျက်ဖိုက်တာလေယာဉ်၊MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တို့နဲ့ ပေါင်ငါးရာ ဗုံးခုနစ်လုံးကြဲချခဲ့သလို စက်သေနတ်နဲ့လည်း  ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ KNU ကဆိုထားပါတယ်။

ဒါ့အပြင် လယ်ဒိုမြို့နယ် သဲကုန်းရွာနဲ့ သမင်အင်းကုန်းရွာတွေကိုလည်း နိုဝငင်ဘာ ၁၆ရက်နဲ့ ၂၀ရက်တို့မှာ ဂျက် တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲတာ၊စက်သေနတ်နဲ့ပစ်ခတ်တာအပြင် ရဟတ်ယာဉ်နဲ့လည်း ပစ်ခတ်ခဲ့တာ ကြောင့် နေအိမ်တလုံး ဗုံးထိမှန်ပြီး ပြာကျပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အလားတူ မနေ့က နေ့လယ်ပိုင်းကလည်း မူးမြို့နယ် ရေလဲကျေးရွာထဲကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်း၊မူကြိုကျောင်းတို့ အနည်းငယ်ထိခိုက်ပျက်စီးခဲ့သလို မီး လောင်ဗုံးနဲ့ပါပစ်ခတ်ခဲ့တာကြောင့် အရပ်သားပိုင်နေအိမ်နှစ်လုံးနဲ့ ဂိုထောင်တလုံး ပျက်စီးမှုတွေရှိခဲ့တယ်လို့ KNU သီးခြားထုတ်ပြန်ထားပါသေးတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့အုပ်ချုပ်နယ်မြေတွေအတွင်း အခုနှစ် ဇန်နဝါရီ ၁ရက်ကနေ စက်တင်ဘာ လကုန်အထိ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုအကြိမ် ၁၃၀၀နီးပါး၊လက်နက်ကြီး အလုံးရေ ၄၅၀၀ကျော် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက အခုလ ဆန်းမှာ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလိုပစ်ခတ်မှုကြောင့် ဒေသခံ ၆၀ဦးသေဆုံးပြီး ၃၂၀ကျော်ဒဏ်ရာရကာ ပြည်သူပိုင်နေအိမ် ၇၅၀နီးပါး၊ ဘုန်းကြီး ကျောင်း ၁၁ကျောင်း၊ခရစ္စယာန်ဘုရားကျောင်းနှစ်ကျောင်း၊စာသင်ကျောင်း၊ဆေးရုံတွေအပါအဝင် စုစုပေါင်းအ ဆောက်အအုံ ၇၇၀ကျော်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 Photo KNU