နိုဝင်ဘာ ၊ ၂၃
စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းပေါ်ကရန်ကြီးအောင် စစ်ကောင်စီစခန်းကို ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင် မှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကလေးမြို့ နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့နဲ့ ဒေသခံတွေဆီကသိရပါတယ်။
“မနက်သုံးနာရီကျော်လောက်ကစ ဝင်တိုက်တာ၊မနက်အစောကြီးတစ်ခါ စခန်းထဲမီးလောင်နေတာမြင်ရတယ်၊ စခန်းကို သိမ်းပြီးပါပြီ”လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံ အမျိုးသားတဦးကအတည်ပြုပါတယ်။
ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက အခုသတင်းရေးသားနေချိန်အထိ လေကြောင်းတိုက် ခိုက်မှုသုံးကြိမ် ပြုလုပ်ခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတဦးကဆိုပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု အခြေအနေကို အသေးစိတ်အတည်မပြုနိုင်သေးပေမယ့် တော်လှန်ရေးတပ်တွေ ဘက်က ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF တပ်ဖွဲ့ဝင်တဦးကျဆုံးကာ တခြားတပ်ဖွဲ့တွေကတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရ ထားတယ်လို့ ကနဦးသိရပါတယ်။
ရန်ကြီးအောင်စခန်းဟာ အစောပိုင်းက စစ်ကောင်စီအဖွဲ့ဝင် နှစ်ဆယ့်ငါးဦးလောက်ရှိတဲ့စခန်းဖြစ်ပြီး ဒီကနေ့ တိုက် ပွဲဖြစ်ချိန်မှာတော့ အင်အားသုံးဆယ်ကျော်လောက်ရှိနေတယ်လို့ အဲ့ဒီစခန်းနဲ့ နီးစပ်တဲ့ ကလေးနယ်တောင်ပိုင်း ဒေသခံ တဦးကပြောပါတယ်။
အခုသိမ်းပိုက်ခံလိုက်ရတဲ့ ရန်ကြီးအောင်စခန်းနဲ့ ဆိုင်ကယ်ဆယ်မိနစ်ခရီးသာရှိတဲ့ မြောက်စည်းရွာရဲစခန်းကို လည်း တော်လှန်ရေးတပ်ဖွဲ့တွေက အခုလ ၃ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။
မြောက်စည်းရဲစခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီလက်အောက်ခံဆယ်ဦးလောက်ဟာ ရန်ကြီးအောင် စခန်းမှာသွားရောက်ပူးပေါင်းနေကြတာလို့ သိရပါတယ်။
ရန်ကြီးအောင်စခန်းဟာ ကလေးမြို့နယ် တောင်ပိုင်း ဂန့်ဂေါ – ကလေးကားလမ်းပေါ်မှာရှိပြီး လမ်းကိုဖြတ် သန်း သွားလာ နေတဲ့ပြည်သူတွေကို စစ်ဆေးဖမ်းဆီးမှုတွေလုပ်လေ့ရှိတဲ့ စခန်းဖြစ်တယ်လို့ သိရပါတယ်။
ရန်ကြီးအောင်စခန်းသိမ်းပိုက်ခံရပြီးနောက် ကလေးမြို့နဲ့မိုင်အနည်းငယ်အကွာ ကြံသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရှားဖို၊တင်သားကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် တင်သားကျေးရွာက အမျိုးသမီးတဦး ထိမှန်သေဆုံးသွားတယ်လို့ အဲ့ဒီရွာခံ တဦးကပြော ပါတယ်။