ရခိုင်မှာ စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက်ကြီးနဲ့ပစ်လို့ နှစ်ဦးသေ၊ တဦးဒဏ်ရာရ

နိုဝင်ဘာ ၊ ၂၃

ရခိုင်ပြည်နယ်မှာ တိုက်ပွဲမရှိတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေရာမှာ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ အရပ်သားနှစ်ဦးသေဆုံးပြီးတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“အိမ်မှာ နေလို့ ကျလာတာ၊ တခါတည်း သေသွားတယ်။ တိုက်ပွဲတွေ ဖြစ်ကြလို့ ပစ်တယ်ဆိုရင် မပြောဘူး။ အခုက ဘာတိုက်ပွဲမှလည်း မရှိဘဲ လာပစ်နေတာ”လို့ လုံခြုုံရေးအရ အမည်မဖော်လိုသူ လေညှင်းသာရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီရေတပ် စစ်သင်္ဘောက မနေ့ညက လက်နက်ကြီးနဲ့ပစ်ခတ်ရာမှာ မြောက်ဦးမြို့နယ်၊ လေညှင်းသာကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက်ခြောက်ဆယ်ကျော ်အရွယ်အမျိုးသားတဦးသေဆုံးခဲ့ပြီး  ဒီနေ့ သဂြိုလ်မယ်လို့ ဆိုပါတယ်။

ကုလားတန်မြစ်ကြောင်းတလျှောက် သွားလာနေတဲ့ စစ်ရေယာဉ်ဟာ မနေ့က ညနေပိုင်းမှာ မြစ်ဝဲယာတလျှောက်ရှိ မြောက်ဦးမြို့နယ် ၊လေညှင်းသာ၊ စက်သား၊ အလယ်ချောင်းနဲ့ ပုဏ္ဏားကျွန်းမြို့နယ် ၊ကျောက်ဆိပ်ရွာတို့ဆီ လှမ်းပစ်နေခဲ့တာလို့ ဆိုပါတယ်။

“တက်လာလိုက် ပစ်လိုက်၊ ဆင်းသွားလိုက် လုပ်နေတာ သုံးရက်ရှိပြီ။ ညဘက်ဆိုရင် အများကြီး ပစ်တယ်”လို့ ပုဏ္ဏားကျွန်းမြို့နယ် ၊ကျောက်ဆိပ်ရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။

 အဲဒီလို စစ်ရေယာဉ်ပေါ်ကနေ ပစ်ခတ်တဲ့အပြင် ပုဏ္ဏားကျွန်းမြို့ပေါ်  စစ်ကောင်စီ တပ်ရင်းကနေလည်း လူနေရွာတွေဘက်ဆီ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ်၊ ကေသလာချောင်းဝရွာအနီးမှာလည်း တိုက်ပွဲမရှိဘဲ ဒီနေ့မနက် အစောပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ လယ်တဲမှာ ရှိနေသူ အသက် ခုနှစ်ဆယ်ကျော်အရွယ် သက်ကြီးအမျိုးသားတဦး သေဆုံးပြီး၊ ငါးဆယ်ဝန်းကျင်အရွယ် အမျိုးသားတဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို ပစ်ခတ်မှုတွေကြောင့် အခု တကျော့ပြန်တိုက်ပွဲအတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု မရှိသေးတဲ့ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့အတွင်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ  နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

“ဟိုတရက်ဆို ရွာထဲကို လက်နက်ကြီး ငါးလုံးကျတယ်။ အဲဒီကတည်းက ပြေးနေကြရတာ”လို့ မိသားစုလိုက် ထွက်ပြေးနေရတဲ့ ကျောက်ဆိပ်ရွာမှ အမျိုးသမီးတဦးက ပြောပါတယ်။

ရခိုင်ပြည်တွင်း တပ်စခန်း လေးဆယ်ကျော် လက်လွှတ်၊ သိမ်းပိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားရာ နေရာတွေအပြင် တိုက်ပွဲဧရိယာနဲ့ ဝေးရာ လူနေရပ်ကွက်၊ ကျေးရွာတွေဆီ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်နေပြီး အရပ်သားထိခိုက်မှုတွေလည်း အများအပြား ရှိနေပါတယ်။

လက်ရှိရခိုင်တိုက်ပွဲဆယ်ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးရသူ နှစ်ဆယ်နီးပါးနဲ့ ဒဏ်ရာရသူ ငါးဆယ်ကျော်အထိ ရှိလာပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်ကို စုစည်းထားတဲ့ DNA ရဲ့ အချက်အလက်တွေအရ အတည်ပြုနိုင်ပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေနဲ့ ဆက်စပ်လို့ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်ဟာလည်း ရခိုင်ပြည်နယ် အတွင်း ငါးသောင်းဝန်းကျင်လောက် ထပ်တိုးလာခဲ့တယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။