နိုဝင်ဘာ ၊ ၂၃
ဂါဇာ ကမ်းမြှောင်ဒေသရဲ့ အကြီးဆုံး ဆေးရုံဝင်းကြီးထဲမှာ ဟားမားစ် ပြောက်ကျားတွေ ခိုအောင်းဖို့ အသုံးပြုခဲ့တဲ့ မြေအောက် ဥမင်တွေကို အစ္စရေး စစ်တပ်က ပြသခဲ့ပါတယ်။
အယ်လ်ရှီဖာ ဆေးရုံမှာ ဟားမားစ်တွေ ပုန်းခိုနေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစ္စရေး စစ်တပ်က ဆေးရုံကို ပိတ်ဆို့ ဝန်းရံခဲ့တာကြောင့် နိုင်ငံတကာ ဝေဖန်မှုတွေ အပြင်းအထန် ခံခဲ့ရတဲ့နောက် အခု အထောက်အထားတွေကို ထုတ်ပြလာခဲ့တာ ဖြစ်ပါတယ်။
အစ္စရေး စစ်တပ်ဟာ ဖိတ်ကြားထားတဲ့ နိုင်ငံတကာ သတင်းထောက် တချို့ကိုလည်း အဲဒီ မြေအောက် ဥမင်တွေကို ဝင်ရောက်လေ့လာ ကြည့်ရှုခွင့် ပြုခဲ့ပါတယ်။
ကျဉ်းမြောင်းရှည်လျားတဲ့ ဥမင်တွေထဲကို ဒါဇင်နဲ့ချီတဲ့ သတင်းထောက်တွေ ဝင်ရောက် ကြည့်ရှုနေချိန် အစ္စရေး စစ်သားတွေက ခြံရံ လိုက်ပါခဲ့တာကို တွေ့ရပါတယ်။ ကျောက်တုံးတွေနဲ့ အဓိက တည်ဆောက်ထားတဲ့ ဥမင်ဟာ မီတာ ၁၅၀ ရှည်လျားပြီး ရှုပ်ထွေးတဲ့ မြေအောက် ဘန်ကာတွေနဲ့ ဆက်သွယ်ထားတယ်လို့ အစ္စရေး စစ်တပ်က ဆိုပါတယ်။
ဥမင်တလျှောက်မှာ အိပ်ဆောင်တွေ၊ အစည်းအဝေးခန်းတွေ၊ ရေချိုးခန်းတွေ၊ မီးဖိုခန်းတွေနဲ့ ဆက်စပ်ထားပြီး အဲကွန်းတွေပါ တပ်ထားတယ်လို့ သိရပါတယ်။
ဟားမားစ်တွေရဲ့ ကျူးကျော်မှုကို တုံ့ပြန်တဲ့ အနေနဲ့ ဂါဇာမှာ အစ္စရေးက စစ်ကြေညာခဲ့တဲ့နောက် ဒေသတွင်းက ဆေးရုံတွေကို ဟားမားစ်တွေက စစ်ရေး ရည်မှန်းချက်တွေအတွက် အသုံးချနေခဲ့တယ်လို့ အစ္စရေးက စွပ်စွဲပါတယ်။
အယ်လ်ရှီဖာ ဆေးရုံဝင်းကြီးရဲ့ အောက်ဖက်မှာလည်း ဟားမားစ်တွေရဲ့ ရှုပ်ထွေးတဲ့ ဥမင်တွေကို အသုံးချပြီး စစ်ရေးအရ အမြတ်ထုတ်ခဲ့တယ်လို့ အစ္စရေးက ဆိုပါတယ်။
အယ်လ်ရှီဖာဟာ ဂါဇာမှာ ဆေးရုံနဲ့ ကျန်းမာရေး ဝန်ဆောင်မှု ဌာနတွေ စုပေါင်း ဖွဲ့စည်းပေးထားတဲ့ ဂါဇာရဲ့ အကြီးမားဆုံး ဆေးရုံဝင်းကြီး တခုဖြစ်ပြီး စစ်ပွဲကာလမှာတော့ ပါလက်စတိုင်း စစ်ရှောင်တွေ ထောင်နဲ့ချီ လာရောက်ခိုလှုံတဲ့ ဒုက္ခသည် စခန်းကြီးလည်း ဖြစ်လာခဲ့ပါတယ်။