နိုဝင်ဘာ ၊ ၂၃
သူကိုယ်တိုင် ယူကရိန်းမှာ ဆင်နွှဲခဲ့တဲ့ ကျူးကျော်စစ်ပွဲကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ကြေကွဲစရာ ဖြစ်ရပ်တခုလို့ ပြောကြားသွားခဲ့ပါတယ်။ ပြီးတော့ ရုရှားဟာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့လည်း ယူကရိန်းကို အမြဲတမ်း လမ်းဖွင့် ဖိတ်ခေါ်ထားပါတယ်လို့ ပူတင်က ဆိုပါတယ်။
နိုဝင်ဘာ ၂၂ ရက်တုန်းက G20 ညီလာခံရဲ့ အွန်လိုင်း အစည်းအဝေး တခုကို တက်ရောက်ချိန်မှာ ပူတင်ဟာ စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားက သဘောထား ကြီးနေသယောင် ဝါဒဖြန့် စကားတွေကို ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
စစ်မက်ဖြစ်ပွားမှု အားလုံးဟာ ကြေကွဲစရာ ကိစ္စတွေချည်းပဲလို့ သူယုံကြည်ကြောင်း၊ လက်ရှိ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ ထိခိုက်နာကျင်မှုတွေ ဘယ်လို အဆုံးသတ်ရမလဲ ဆိုတာကို စဉ်းစားသင့်ကြောင်း၊ ရုရှားဖက်ကတော့ ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကို ဘယ်တုန်းကမှ မငြင်းပယ်ခဲ့ကြောင်း ပူတင်က ပြောကြားသွားပါတယ်။
သူက ရုရှားဟာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲတာ မဟုတ်ဘူးလို့ ငြင်းဆိုပြီး လက်သုံးစကားဖြစ်တဲ့ အထူးစစ်ဆင်ရေးတရပ် အကောင်အထည် ဖော်ခဲ့ရုံသာ ဖြစ်တယ်လို့လည်း ထပ်ပြောသွားခဲ့ပါသေးတယ်။
သူက ရုရှားမှာ အဓမ္မ အာဏာသိမ်းမှုလို အခြေအနေမျိုး ဖြစ်ပေါ်မလာအောင် ကြိုတင် ရှောင်လွှဲဖို့အတွက် ယူကရိန်းမှာ မဖြစ်မနေ စစ်ဆင်ရေး ဆင်နွှဲခဲ့ရပါတယ်လို့လည်း အကြောင်းပြသွားပါတယ်။
G20 ညီလာခံမှာ ပူတင်က ၁၇ မိနစ်လောက်ကြာအောင် ပြောသွားတဲ့ မိန့်ခွန်းကို စပိန်၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ အိမ်ရှင် အိန္ဒိယ ကိုယ်စားလှယ်တွေလောက်သာ နားထောင်ခဲ့ပြီး အမေရိကန်နဲ့ တရုတ်က မတက်ရောက်ခဲ့ဘူးလို့ Bloomberg သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ယူကရိန်း အစိုးရက စစ်ပွဲ ရပ်ဆိုင်းဖို့ ကိစ္စဟာ ရုရှားက မတရား သိမ်းပိုက်ထားတဲ့ နယ်မြေအားလုံးကနေ ပြန်လည် ဆုတ်ခွာပေးမှသာ ဖြစ်နိုင်လိမ့်မယ်လို့ ပြောကြားထားခဲ့ပါတယ်။