နိုဝင်ဘာ ၊ ၂၃
အဆိပ်ပြင်းလှတဲ့ မြွေတကောင် လွတ်မြောက်သွားတာကြောင့် နယ်သာလန်က မြို့တမြို့မှာ ဒေသခံတွေကို နိုးနိုးကြားကြား ရှိနေကြဖို့ ရဲတပ်ဖွဲ့က ဆော်ဩ သတိပေးထားပါတယ်။
နိုဝင်ဘာ ၂၂ ရက်မှာ မမ်ဘာ မြွေစိမ်း တကောင်ဟာ တီလ်ဘော့ဂ်မြို့ နေအိမ်တခုမှာ မွေးမြူထားရာကနေ ထွက်ပြေး လွတ်မြောက်သွားတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ အရှည် ၆ ပေကနေ ၆ ပေခွဲကြားလောက် ရှိနိုင်တဲ့ တွားသွားသတ္တဝါကို အသည်းအသန် လိုက်ရှာနေကြပါတယ်။
တကယ်လို့ မြွေကို တွေ့ခဲ့ရင် သက်ဆိုင်ရာကို ချက်ချင်း အကြောင်းကြားကြဖို့နဲ့ ထိကိုင်တာမျိုး မလုပ်ကြဖို့လည်း ရဲတွေက သတိပေးထားပါတယ်။ လက်ရှိ အချိန်ထိတော့ မြို့ထဲမှာ တယောက်ယောက် မြွေကိုက်ခံရတဲ့ သတင်းမျိုး မကြားရသေးပါဘူး။
အပူပိုင်းဇုန် ဒေသတွေကနေ ရောက်ရှိလာတဲ့ မြွေမျိုးစိတ်ဟာ ပူနွေးပြီး အလင်းရောင်နည်းတဲ့ နေရာတွေကို နှစ်ခြိုက်လေ့ ရှိတယ်လို့ ရဲတွေက ပြောပါတယ်။ မမ်ဘာမြွေစိမ်း မျိုးကွဲသုံးခုရှိပြီး အားလုံးက အာဖရိက မျိုးရင်းတွေ ဖြစ်ပါတယ်။ အခုလက်ရှိ ပျောက်နေတဲ့ မမ်ဘာမြွေစိမ်း မျိုးကွဲကို တိတိကျကျ မသိရသေးပေမယ့် အဆိပ်ပြင်းတယ်လို့တော့ ရဲတွေက ပြောပါတယ်။
မမ်ဘာမြွေတွေဟာ ပူနွေးစိုစွတ်တဲ့ ဒေသတွေက သစ်ပင် သစ်ခေါင်းတွေမှာ အဓိက နေထိုင်လေ့ရှိပြီး မြွေပေါက်ခံရသူဟာ ရက်အနည်းငယ်အတွင်း သေဆုံးနိုင်ပါတယ်။ အဆိပ်ပြင်းပေမယ့် အဲဒီမြွေတွေက လူကို ရန်လို တိုက်ခိုက်တာမျိုးတော့ အရမ်း ရှားပါးပြီး ငှက်တွေ၊ ပုတ်သင်တွေနဲ့ နို့တိုက်သတ္တဝါငယ်တွေကို အဓိက ဖမ်းယူ စားသောက်လေ့ ရှိတယ်လို့ သိရပါတယ်။