ရခိုင်တိုက်ပွဲ ဆယ်ရက်အတွင်း စစ်ကောင်စီစခန်း လေးဆယ်ကျော် လက်လွှတ်ခဲ့ရတယ်လို့ AAပြော

နိုဝင်ဘာ၊ ၂၂

ရခိုင်ပြည်နယ်က တကျော့ပြန်တိုက်ပွဲဆယ်ရက်တာကာလအတွင်း စစ်ကောင်စီလက်အောက်ခံစခန်း လေးဆယ်ကျော်ကို သိမ်းပိုက်ထားနိုင်ပြီး အညံ့မခံသူတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ရက္ခိုင့်တပ် တော်(AA)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကစခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေဟာ ဒီကနေ့မှာ ဆယ်ရက်ပြည့် ခဲ့ပြီဖြစ်ပြီး အဲဒီကာလအတွင်း AAတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်တဲ့ စခန်းလေးခုနဲ့ စစ်ကောင်စီလက် အောက်ခံတွေစွန့်လွှတ်သွားတဲ့ စခန်းလေးဆယ်ကျော်ကိုလည်းသိမ်းပိုက်ခဲ့တာလို့ဆိုပါတယ်။

“လက်နက်ချလို့ ရလိုက်တဲ့စခန်းတွေထဲမှာ ရှေ့တန်းစခန်းတွေ၊ ရဲစခန်းတွေ အကုန်ပါတယ်၊ ဒီအတိုင်း ကြောက်ပြီး ဆုတ်သွားကြတဲ့စခန်းတွေလည်း ရှိတာပေ့ါ၊ အညံ့မခံတဲ့ စခန်းတွေဆိုရင်တော့ တပ်တော် (AA)က လိုက်တိုက်တာတွေ ရှိတယ်”လို့ AA နဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

ရခိုင်မှာတိုက်ပွဲပြန်စတဲ့ နိုဝင်ဘာ ၁၃ ရက်မှာပဲ ရသေ့တာင်မြို့နယ်အတွင်းက ဒုံးပိုက်နယ်ခြားစောင့်ရဲ စခန်း ကို AAက သိမ်းပိုက်ခဲ့သလို နောက်တရက်မှာတော့ ရသေ့တောင်မြို့နယ် ချိန်ခါလီနယ်ခြားစောင့် စခန်းကိုပါ ဆက်တိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၇ ရက်ကလည်း မောင်တောမြို့နယ်အတွင်းက ဒုံးညိုနယ်ခြားစောင့်တပ်စခန်းနဲ့ မနေ့က ၂၁ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် ခထီးလှစခန်းတို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

လက်နက်ချအညံ့ခံတဲ့စခန်းတွေနဲ့ စွန့်လွှတ်သွားတဲ့စခန်းတွေဟာ ရခိုင်မြောက်ပိုင်းမြို့နယ်တွေနဲ့ တောင်ပိုင်း ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲမြို့နယ်တွေအတွင်းက ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။

အဲဒီလို တပ်စခန်းတွေ သိမ်းပိုက်ထားနိုင်တဲ့အပြင် AA တပ်ဖွဲ့ဆီ လက်နက်ချခဲ့တဲ့ရဲတပ်ဖွဲ့ဝင် အပါအဝင် စစ် ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်အရေအတွက်ဟာလည်း တရာကျော်လောက်အထိ ရှိနေပြီလို့ AAနဲ့ နီးစပ် သူ တွေက ပြောကြပါတယ်။

လက်ရှိမှာ ပလက်၀မြို့နယ်အတွင်းက တရွန်အိုင်နဲ့ နှုံးဘူးဗျူဟာနှစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ် ကောင်စီဟာ အဲဒီဗျူဟာနှစ်ခုဆီ လက်နက်ခဲယမ်းရိက္ခာတွေကို လေကြောင်းကချပေးနေရကာ မနေ့က ဆိုရင် စစ်ကောင်စီရဲ့ လေကြောင်း ထောက်ပို့ပစ္စည်းတွေထဲက တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ AAက ဆိုပါတယ်။

ဒါ့အပြင် ပေါက်တောမြို့တွင်းမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့လည်း အပြင်းအထန် တိုက်ပွဲ ဖြစ်နေပြီး မြို့ပေါ် စခန်းကုန်းတခုကို သိမ်းပိုက်ရရှိခဲ့ပြီလို့ AA က ထုတ်ပြန်ထားပါတယ်။

AA ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်က ပေါက်တောမြို့မရဲစခန်းကို ဝင်တိုက်၊ သိမ်းယူကာ မြို့တွင်း ဌာနဆိုင် ရာရုံးတွေကို ထိန်းချုပ်ထားခဲ့ပြီး နောက်တရက်မှာတော့ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

အဲ့ဒီပေါက်တောမြို့တွင်းက စစ်ကောင်စီတပ်တွေကို မနေ့ကနေ့လယ်ပိုင်းကစလို့ AA တပ်တွေက ထိုးစစ် ဆင်တိုက်ခဲ့တာကြောင့် တိုက်ပွဲတွေပြန်ဖြစ်နေပြီး ဒီကနေ့အထိလည်း တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲပါ။

ရခိုင်ပြည်တွင်းက စစ်ကောင်စီလက်အောက်ခံတွေ လက်နက်ချအညံ့ကြဖို့ AAတပ်ဖွဲ့ကထုတ်ပြန်သ တိပေးထားသလို အညံ့မခံသူတွေကို  ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်းဆိုထားပါတယ်။

ရခိုင်ပြည်တွင်း တပ်စခန်းတွေ လက်လွှတ်၊ သိမ်းပိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားရာ နေရာတွေအပြင် တိုက်ပွဲဧရိယာနဲ့ ဝေးရာ လူနေရပ်ကွက်၊ ကျေးရွာတွေဆီ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်နေပြီး အရပ်သားထိခိုက်မှုတွေလည်း အများအပြား ရှိနေပါတယ်။

လက်ရှိရခိုင်တိုက်ပွဲဆယ်ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးရသူ နှစ်ဆယ်နီးပါးနဲ့ ဒဏ်ရာရသူ ငါးဆယ်ဝန်းကျင်အထိ ရှိလာပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်ကို စုစည်းထားတဲ့ DNA ရဲ့ အချက်အလက်တွေအရ အတည်ပြုနိုင်ပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေနဲ့ ဆက်စပ်လို့ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်ဟာလည်း ရခိုင်ပြည်နယ် အတွင်း ငါးသောင်းဝန်းကျင်လောက် ထပ်တိုးလာခဲ့တယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့တွေက ပြောကြပါ တယ်။