လွိုင်ကော်မှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်သွားလို့ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ခက်ခဲနေ

နိုဝင်ဘာ၊ ၂၂
 
မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေတဲ့ လွိုင်ကော်မြို့မှာ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်၊ မနက်အစောပိုင်းကစပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားလို့ မြို့ထဲပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလုပ်ဖို့ ခက်ခဲသွားတယ်လို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။
 
” ဖုန်းလိုင်း အချိတ်အဆက်မရတော့ ကယ်ဆယ်ရေး လုပ်လို့မရတော့တဲ့ အခြေအနေထိတောင် ရောက်သွားတယ်။ အစက ကျနော်တို့ ဖေ့စ်ဘုတ်ပေ့ချ်တွေမှာ ဖုန်းနံပါတ်တွေ ပေးထားတာ၊ အဲ့ကနေ သူတို့ဆက်သွယ်လာတယ်။ အဲ့ကျ ကျနော်တို့က ကယ်ဆယ်ရေးလုပ်ပေးတာ ” လို့ ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
နှစ်ဖက်တိုက်ပွဲအတွင်း ဆက်သွယ်ရေးတာဝါတိုင် လက်နက်ကြီးထိလို့ အခုလို ဆယ်သွယ်ရေးလိုင်းတွေ ပြတ်တောက်သွားတာ ဖြစ်နိုင်ပြီး မြို့အတွင်း လျှပ်စစ်မီး မရတာလည်း ရှစ်ရက်လောက်ရှိပြီလို့ သူက ပြောပါတယ်။
 
လူဦးရေ ငါးသောင်းကျော်ရှိတဲ့ လွိုင်ကော်မြို့မှာ အခုလ နိုဝင်ဘာ ၁၁ ရက်က စတင်တဲ့ စစ်ကော်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေကြောင့် မြို့ခံလေးသောင်းကျော် မြို့ကို စွန့်ခွာသွားကြပြီဖြစ်ပေမယ့် တသောင်းခွဲဝန်းကျင်ကတော့ အခုချိန်ထိ မြို့တွင်း ပိတ်မိနေဆဲဖြစ်ပါတယ်။
 
” စစ်ကောင်စီက တချို့ရပ်ကွက်တွေကို ထိန်းချုပ်ထားတုန်းပဲ။ ပြည်သူတွေကို လမ်းပေးမဖြတ်ဘူး။ ဖြတ်တဲ့သူမှန်သမျှကို ပစ်တာ။ အဲဒါတွေကြောင့် တချို့ပြည်သူတွေ ပိတ်မိနေတာ ” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ကရင်နီ (ကယား)ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမြို့တော် ဖြစ်တဲ့အပြင် ပြည်နယ်ရဲ့ စစ်ရေးကို အဓိကကွပ်ကဲတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)လည်း အခြေစိုက်တဲ့ လွိုင်ကော်မြို့ကို KNDF အပါအဝင် ကရင်နီတပ်တွေက တစ်လေးလုံးစစ်ဆင်ရေးအဖြစ် နိုဝင်ဘာ ၁၁ ရက်ကတည်းက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ၁၂ ရက်အကြာ ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။
 
” ကျနော်တို့က မြို့ထဲထိလည်း ဝင်ကယ်လို့မရတော့ ကယ်ဆယ်ရေး Point (ဆုံမှတ်)တွေမှာ သွားစောင့်ပေးနေတဲ့ အနေအထားမျိုးပဲ ရှိတော့တယ်။ ပြည်သူတွေကလည်း ထွက်လာဖို့ မလွယ်တော့ဘူး၊ အခုက မြို့တွင်း အလယ်ဗဟိုနားလောက်ထိတောင်မှ တိုက်ပွဲတွေက တိုးတိုးလာတယ် ” လို့ အထက်ပါ KHAI တာဝန်ရှိသူက ပြောပါတယ်။
 
လက်ရှိ မြို့ထဲပိတ်မိနေသူတွေကတော့ စားရေးသောက်ရေး အခက်အခဲရှိနေကြသလို နှစ်ဖက်တိုက်ပွဲတွေကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာလည်း ရှိနေပါတယ်။
 
” တချို့ ရပ်ကွက်တွေမှာ တိုက်ပွဲနည်းနည်းပါးပါး ငြိမ်နေသေးတော့ ဆိုင်တွေ ဖွင့်ထားတာ ရှိသေးတယ်။ အဲဒါကိုပဲ ဝယ်စားကြတာမျိုးတွေ ရှိတယ်။ ဘုန်းကြီးကျောင်းမှာ ညအိပ် ညစား လုပ်နေကြတဲ့ လူတွေလည်းရှိတယ် ” လို့ လွိုင်ကော်ကနေ တိမ်းရှောင်လာတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
ကရင်နီတော်လှန်ရေးအဖွဲ့တွေကတော့ စစ်ကောင်စီတပ်က ပိတ်မိနေတဲ့ အရပ်သားတွေကို မြို့ပြင်ထွက်ခွင့်မပေးတာဟာ ပြည်သူလူထုကို လူသားဒိုင်းအနေနဲ့ အသုံးချတာဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။
 
” ပြည်သူတွေရှိတဲ့ နေရာတွေကို ကျနော်တို့ကတော့ အတတ်နိုင်ဆုံး တိုက်ခိုက်မှုတွေကို ရှောင်ပါတယ်။ စစ်ကောင်စီ သီးသန့်ဖြစ်နေတဲ့ စခန်းတွေ၊ ကင်းစခန်းတွေ၊ ကင်းပုန်းတွေကိုပဲ ကျနော်တို့က ဝင်တိုက်တာ ” လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
 
၁၂ ရက်အထိ ကြာလာတဲ့ အဲဒီ လွိုင်ကော်မြို့ တိုက်ပွဲတွေအတွင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု၊ သေနတ်နဲ့ ပစ်ခတ်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် သေဆုံးသွားတဲ့ အရပ်သားလည်း ခုနစ်ဆယ်ဝန်းကျင် ရှိလာနေပြီဖြစ်ပါတယ်။
 
ဓာတ်ပုံ – KHAI