မြို့ပေါ်တပ်စခန်းတခု သိမ်းပိုက်ခံထားရတဲ့ ပေါက်တောမြို့ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်တိုက်ခိုက်နေ

နိုဝင်ဘာ၊ ၂၂
 
မြို့ပေါ်အထိုင်စခန်းတခု သိမ်းပိုက်ခံထားရတဲ့ ပေါက်တောမြို့တဝိုက်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ်နေသလို စစ်ရေယာဉ်တွေပေါ်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ ဒီ‌နေ့ ဂျက်တိုက်လေယာဉ်နဲ့ လာပစ်တာ နှစ်ခေါက်ရှိပြီ၊ ပထမတခေါက် မြို့ကိုပတ်ပြီး နာရီ၀က်လောက် ကြည့်သွားတယ်၊ နောက်တခေါက်ကျ ဗုံးလာကြဲတယ်၊ ဂျက်မလာခင် ရဟတ်ယာဉ်နဲ့လည်း လာပစ်သွားသေးတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ဒါ့အပြင် စစ်တွေမြို့ပေါ်က အမြှောက်တပ်နဲ့ ပေါက်တောမြစ် (ကျွဲကူးမြစ်)ထဲ အထိုင်ချထားတဲ့ စစ်ရေယာဉ်တို့ကနေလည်း ဒီနေ့မနက်အစောပိုင်းကတည်းက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဆိုကြပါတယ်။
 
“ အခု စစ်တွေဘက်က ပစ်နေတယ်၊ ငါးမိနစ်လောက်မှာ တလုံးစီ ပစ်နေတာ၊ မြို့ထဲမှာ ဘယ်လိုနေမလဲ မသိဘူး၊ မီးခိုးတွေ ထွက်တာလည်း တွေ့တယ် ” လို့ နောက်ထပ် ဒေသခံတဦးက အခုနေ့လယ် နှစ်နာရီ၀န်းကျင်မှာ ပြောပါတယ်။
 
ဒါ့အပြင် ကုလားတန်မြစ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ စစ်ရေယာဉ်တချို့ နေရာချထားတာရှိပြီး ဒီကနေ့မှာ အဲဒီစစ်ရေယာဉ်တွေကရော ပစ်ခတ်တိုက်ခိုက်မှု ရှိ မရှိဆိုတာတော့ မသေချာသေးဘူးလို့ DNA နဲ့ အဆက်အသွယ်ရတဲ့ ပေါက်တောဒေသခံက ပြောပါတယ်။
 
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ ပေါက်တောမြို့ပေါ်နဲ့ အနီးတဝိုက် ရွာတွေဆီ ကျရောက် ပေါက်ကွဲတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပေမယ့် လူနဲ့ အဆောက်အအုံတွေ ထိခိုက်မှု ရှိ မရှိဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။
 
စစ်ကောင်စီတပ်တွေ ပြန်ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့ကို မနေ့က နေ့လယ်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA)က စတင်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာတော့ မြို့ပေါ် လောကထိပ်ပန်ဘုရား တောင်ကုန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံး များခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းရမိကာ ဓါးစားခံအဖြစ် အဖမ်းခံထားရသူ တရာနီးပါးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ပေါက်တောမြို့အတွင်း ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်လက်တိုက်ခိုက်ကာ ကျန်နေသေးတဲ့ ဓါးစာခံတွေ လွတ်မြောက်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်နေတယ်လို့ AA ရဲ့ မနေ့ကညပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ပေါက်တာမြို့ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို AA တပ်ဖွဲ့က နိုဝင်ဘာ ၁၅ရက် ညပိုင်းမှာ သိမ်းပိုက်ခဲ့ပြီး နောက်တနေ့မှာ စစ်ကောင်စီက မြို့ကို ပြန်လည်ထိန်းချုပ်ပြီးကတည်းက နှစ်ဖက်တိုက်ပွဲဖြစ်တာမျိုး မရှိဘဲ မနေ့က တိုက်ပွဲပြန်ဖြစ်ခဲ့တာပါ။
 
တိုက်ပွဲစဖြစ်တဲ့ မနေ့က‌ နေ့လယ်ကနေ ညနက်တဲ့အထိလည်း ပေါက်တောမြို့နဲ့ အနီးတဝိုက်ဆီ လေကြောင်း၊ ရေကြောင်း၊ အတွဲလိုက်ဒုံးတွေ အပါအဝင်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
ရှမ်းမြောက်တိုက်ပွဲတွေအပါအဝင် ရခိုင်ပြည်နယ်ပြင်ပ တိုက်ပွဲတွေမှာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ရခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်နယ်အတွင်းမှာတော့ နိုဝင်ဘာ ၁၃ ရက်ကစလို့ စစ်ကောင်စီ တပ်စခန်းနဲ့ ရဲစခန်းတွေကို စတင်တိုက်ခိုက်ခဲ့တာပါ။
 
အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်စခန်း၊ နယ်ခြားစောင့် တပ်စခန်းနဲ့ ရဲစခန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့သလို ပေါက်တောမြို့ကိုလည်း နာရီပိုင်းကြာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်တွေက ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
 
ပေါက်တောမြို့တွင်းကို စစ်ကောင်စီတပ်တွေက လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ စီးနင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှု ရှိတယ်လို့ အတည်ပြုနိုင်ပေမယ့် ဒီကနေ့အထိ ဘယ်နှဦးသေဆုံး၊ ဒဏ်ရာရခဲ့တယ်ဆိုတာနဲ့ ဖမ်းဆီးခံထားရသူ ဘယ်လောက်ရှိနေတယ်ဆိုတာတွေကို တိတိကျကျ မသိရသေးပါဘူး။
 
ပေါက်တောမြို့ခံတွေအပါအဝင် မြို့အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံထောင်ချီကတော့ နိုဝင်ဘာ ၁၆ ရက်က စလို့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
 
အလားတူ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကိုလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
 
ဓာတ်ပုံ – Social Media (ပုံဟောင်း)
ပုံစာ – ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ပေါက်တောမြို့ခံတချို့။