ကော့ကရိတ်မြို့ပေါ်ကို လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ သက်ကြီးအမျိုးသားတဦးအပါအဝင်နှစ်ဦး

နိုဝင်ဘာ ၂၁

ကရင်ပြည်နယ်၊ကော့ကရိတ် မြို့နယ် မြို့တော်ဦးရပ်ကွက်ထဲကို မနေ့က ညဆယ်နာရီလောက်က လက်နက် ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အသက်ရှစ်ဆယ်အရွယ်အမျိုးသားတဦးအပါအဝင် စစ်ရှောင်နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့  ဒေသအခြေစိုက် ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ဟာ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီရဲ့ စကခ ၁၂(စစ်ဆင်ရေး ကွပ်ကဲမှု ဌာန ချုပ်) လက်အောက်ခံ အမြှောက်တပ်က ပစ်ခတ်လိုက်တဲ့ ၈၁မမဗုံးသီးဖြစ်တယ်လို့ ဆိုပါတယ်။ 

“တော်လှန်ရေး အဖွဲ့အစည်း ဘယ်အဖွဲ့အစည်း မှာမှ ၈၁ မမ မရှိဘူး၊စစ်ကောင်စီမှာပဲ အဲ့လက်နက် ရှိတာ” လို့ ကော့ကရိတ်မြို့နယ်မှာ လှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးကပြောပါတယ်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက်ရှစ်ဆယ်အရွယ်အမျိုးသားနဲ့ ၁၈နှစ်အရွယ်လူငယ် တဦးသေဆုံးတယ်လို့သာအတည်ပြုနိုင်ပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေ ကိုတော့ မသိရသေးပါဘူး။

သေဆုံးသူနှစ်ဦးဟာ ကော့ကရိတ်မြို့ နန့်ထော်ကိုးရပ်ကွက်ကနေ မြို့တော်ဦးရပ်ကွက်ကို လာရောက်ခိုလှုံနေတဲ့ စစ်ရှောင်တွေဖြစ်ပြီး အဲ့ဒီရပ်ကွက်မှာ နောက်ထပ်စစ်ဘေးရှောင်တွေလည်း ရှိနေသေးတယ်လို့သိရပါတယ်။

 ကော့ကရိတ်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) ၉၇ အပါအဝင် မြို့အနီးတဝိုက်မှာ  တပ်စွဲ ထား တဲ့  စစ်ကောင်စီတပ်တွေဟာ လူနေရပ်ကွက်နဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှု တွေမ ကြာမကြာ လုပ်လေ့ရှိတယ်လို့ KNUအပါအဝင်တော်လှန်ရေးအင်အားစုတွေနဲ့ဒေသခံတွေကပြောကြပါတယ်။

ဒီလို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် ဒေသခံတွေဟာ ကျေးရွာတွေထဲ နေထိုင်ခြင်းမရှိ တော့ ဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရင်း စစ်ရှောင်နေရာတွေပါ လက်နက်ကြီးကျရောက်နေတာ ကြောင့် ထိခိုက်သေဆုံးမှုတွေဆက်ရှိနေတာပါ။

 ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့အုပ်ချုပ်နယ်မြေတွေအတွင်း အခုနှစ် ဇန်နဝါရီ ၁ရက်ကနေ စက်တင်ဘာ လကုန်အထိ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုအကြိမ် ၁၃၀၀နီးပါး၊လက်နက်ကြီး အလုံးရေ ၄၅၀၀ကျော် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက အခုလ ဆန်းမှာ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလိုပစ်ခတ်မှုကြောင့် ဒေသခံ ၆၀ဦးသေဆုံးပြီး ၃၂၀ကျော်ဒဏ်ရာရကာ ပြည်သူပိုင်နေအိမ် ၇၅၀နီးပါး၊ ဘုန်းကြီးကျောင်း ၁၁ကျောင်း၊ခရစ္စယာန်ဘုရားကျောင်းနှစ်ကျောင်း၊စာသင်ကျောင်း၊ဆေးရုံတွေအပါအဝင် စုစုပေါင်းအဆောက်အအုံ ၇၇၀ကျော်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Photo-CJ