လွိုင်ကော်တိုက်ပွဲအတွင်း သေဆုံးသူ အရပ်သား ခုနစ်ဆယ်နီးပါးရှိလာ

နိုဝင်ဘာ ၂၁

ကရင်နီ(ကယား)ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမြို့တော် လွိုင်ကော်မှာ မြို့တွင်းတိုက်ပွဲတွေကြောင့် အခုလ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၉ ရက်အထိ ကိုးရက်အတွင်း သေဆုံးတဲ့ အရပ်သား ၆၈ ဦးထက်မနည်း ရှိပြီလို့ ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(KHAI)ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၆ ဦး၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ၂၄ ဦးနဲ့ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသူ ရှစ်ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

“စစ်ရှောင်ဖို့ မြို့ထဲက ထွက်လာရင်း လိုက်ပစ်ခံရလို့ သေတဲ့သူလည်း ရှိတယ်ကြားတယ်။ မြို့ထဲ ဗုံးတွေလည်းကြဲသေးတာဆိုတော့ သေတာပေါ့။ ဆေးကုဖို့လည်း မလွယ်ဘူး” လို့ လွိုင်ကော်ဒေသခံတဦးက DNA ကို ပြောပါတယ်။

သေဆုံးခဲ့ရသူတွေထဲ အသက် ၁၈ နှစ်အောက် ကလေးငယ် ဆယ်ဦးနဲ့ ဘုန်းကြီးနှစ်ပါးလည်း ပါဝင်ပြီး ကျန်တဲ့လူတွေကတော့ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၁၈ ဦးနဲ့ အလောင်းသေချာမကောက်နိုင်လို့ အမျိုးသားလား ၊အမျိုးသမီးလားဆိုတာ မခွဲခြားနိုင်သူက ဆယ်ဦးရှိတယ်လို့ သိရပါတယ်။

လွိုင်ကော်ဆေးရုံမှာတော့ နိုဝင်ဘာ ၁၁ ရက် တိုက်ပွဲစဖြစ်ပြီး သုံးရက်လောက်အကြာကတည်းက ဆေးဝါးကုသမှု အလုံအလောက်မပေးနိုင်တော့ဘဲ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို စစ်ရှောင်ကူညီရေးအဖွဲ့တွေကသာ အဓိက ဆေးကုသမှု ပေးနေရတာပါ။

စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူ ရုံးထိုင်ပြီး ပြည်နယ်ရဲ့ စစ်ရေးကို ကွပ်ကဲတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)အခြေစိုက်ရာ လွိုင်ကော်မြို့ကို ကရင်နီ ပူးပေါင်းတပ်တွေက တစ်လေးလုံးစစ်ဆင်ရေးအဖြစ် နိုဝင်ဘာ ၁၁ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီကနေ့ဆို ၁၁ ရက်ဆက်တိုက် ရှိလာနေပါပြီ။

နှစ်ဖက်တိုက်ပွဲတွေကြောင့် မြို့ခံလူဦးရေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ဖြစ်တဲ့ လွိုင်ကော်မြို့ခံ လေးသောင်းကျော်ကတော့ မြို့ကို စွန့်ခွာသွားကြပြီဖြစ်ပြီး အများစုကတော့ ရှမ်းပြည်နယ်တောင်းပိုင်းဒေသတွေ ဖြစ်တဲ့ ပင်လောင်း၊ ညောင်ရွှေ၊ ဆီဆိုင်၊ တောင်ကြီးစတဲ့ ဒေသတွေမှာ သွားရောက်တိမ်းရှောင်နေကြပါတယ်။

“အရေးပေါ်ပြေးလာရတာများတော့ အစားအသောက်က အဓိကအခက်အခဲပဲ။ နေစရာက သိပ်မခက်ဘူး။ စောင်တွေလည်းလိုတယ်။ ဒီမှာက ဆောင်းဝင်လာတော့ နည်းနည်းအေးနေပြီ။ ဝိုင်းကူပေးစေချင်တယ်” လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့ခံတဦးက ပြောပါတယ်။

ပင်လောင်း-ညောင်ရွှေ ကားလမ်းမပေါ်က နန်းပန်မြို့မှာတော့ လွိုင်ကော်ကနေ တိမ်းရှောင်လာတဲ့ စစ်ရှောင် နှစ်ထောင်ထက်မနည်းရှိနေပြီး ဘုန်းကြီးကျောင်းတွေမှာပဲ အများဆုံးနေထိုင်နေကြတယ်လို့ သိရပါတယ်။

လက်ရှိ လွိုင်ကော်မြို့အတွင်းမှာတော့ အချက်အခြာကျတဲ့ ပြည်နယ်အစိုးရဖွဲ့ရုံး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ အကျဉ်းထောင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် စတဲ့နေရာတွေကို စစ်ကောင်စီဘက်က ဆက်လက် ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပေမယ့် ကရင်နီတပ်တွေရဲ့ ထိုးစစ်ဆင်မှုကို ခံစစ်အနေနဲ့သာ ခုခံနေရတယ်လို့လည်း သိရပါတယ်။

Photo-KHAI၊ KNHRG