ပေါက်တောမြို့ပေါ်တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းအသုံးပြုတိုက်ခိုက်နေ

နိုဝင်ဘာ၊ ၂၁

စစ်ကောင်စီတပ်တွေပြန်ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့မှာ ဒီကနေ့ နေ့လယ်ပိုင်းကစလို့ ရခိုင့်တပ်တော် AA နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက ရေယာဉ်တွေပေါ်ကနေ လက်နက်ကြီးပစ်ခတ်သလို၊တိုက်ခိုက်ရေးရဟတ် ယာဉ်နဲ့လည်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“မြို့ပေါ်မှာတော့ ပိတ်မိနေသူတွေရော၊ဖမ်းခံထားရသူတွေရော ရှိနေသေးတယ်၊အခုနေ့လယ်ပိုင်းတော့ ရဟတ် ယာဉ်က မြို့ကို ပတ်ပြီးပစ်နေတာ နှစ်ခါရှိပြီ”လို့ ဒေသခံတဦးကပြောပါတယ်။

ဒီကနေ့ နေ့လယ် ၁၂နာရီလောက်ကစလို့ မြို့ပေါ်မှာ နှစ်ဖက် တိုက်ပွဲဖြစ်နေကြတာလို့ ဆိုပါတယ်။တိုက်ပွဲအတွင်း စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ တနာရီကြာတကြိမ်၊နာရီဝက်ကြာ တကြိမ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဒေသခံနဲ့ DNA ဆက်သွယ်ပြောဆိုနေချိန် အခုညနေ လေးနာရီလောက်ကလည်း လက်နက်ကြီးပစ်ခတ်သံ တွေဆက်တိုက်ကြားရပြီး “ရဟတ်ယာဉ်က ဗုံးကြဲနေတာလို့” ဒေသခံက ရှင်းပြပါတယ်။

ပေါက်တာမြို့ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို AA တပ်ဖွဲ့က နိုဝင်ဘာ ၁၅ရက် ညပိုင်းမှာ သိမ်းပိုက်ခဲ့ပြီး နောက်တ နေ့မှာ စစ်ကောင်စီကမြို့ကိုပြန်လည် ထိန်းချုပ်ပြီးကတည်းက နှစ်ဖက်တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ ဒီကနေ့မှာတိုက်ပွဲ ပြန်ဖြစ်နေတာပါ။

ရှမ်းမြောက်တိုက်ပွဲတွေအပါအဝင် ရခိုင်ပြည်နယ်ပြင်ပ တိုက်ပွဲတွေမှာ စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ ရခိုင့်တပ် တော် AA ဟာ ရခိုင်ပြည်နယ်အတွင်းမှာတော့ နိုဝင်ဘာ ၁၃ရက်ကစလို့ စစ်ကောင်စီတပ်စခန်းနဲ့ရဲစခန်းတွေကို စတင်တိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်စခန်း၊နယ်ခြားစောင့်တပ်စခန်းနဲ့ ရဲစခန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့သလို ပေါက်တော မြို့ကိုလည်း နာရီပိုင်းကြာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်တွေကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ တာ ဖြစ်ပါတယ်။

ပေါက်တောမြို့တွင်းကို စစ်ကောင်စီတပ်တွေက လေကြောင်း၊လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ စီးနင်းတိုက်ခိုက်တာ တွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ အတည်ပြုနိုင်ပေမယ့် ဒီကနေ့  အထိ  ဘယ်နှဦးသေဆုံး၊ ဒဏ်ရာရခဲ့တယ်ဆိုတာနဲ့ဖမ်းဆီးခံထားရသူဘယ်လောက်ရှိနေတယ်ဆိုတာတွေကို တိတိကျကျမသိရသေးပါဘူး။

ရခိုင့်တပ်တော် AA ကတော့ စစ်ကောင်စီလက်ချက်နဲ့သေဆုံးထိခိုက်ခဲ့တဲ့ အရပ်သားတွေအတွက် လက်တုံ့ပြန် မယ်လို့ ဆိုထားပါတယ်။

ဒီကနေ့တိုက်ပွဲဖြစ်ချိန်မှာလည်း ပေါက်တောမြို့အနီးတဝိုက်ကျေးရွာတွေဘက်အထိ လက်နက်ကြီးကျည်တွေကျ ရောက်ပေါက်ကွဲခဲ့တယ်လို့ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတဦးကပြောပါတယ်။

ပေါက်တောမြို့ခံတွေအပါအဝင် မြို့အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံထောင်ချီကတော့ နိုဝင်ဘာ ၁၆ရက်က စလို့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။