ရမည်းသင်းခရိုင် ကောင်စီဝင် ပစ်ခတ်ခံရ

နိုဝင်ဘာ၊ ၂၀

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တဦးဟာ  နိုဝင်ဘာလ ၁၉ ရက်၊ မနေ့က ညနေ ၆ နာရီကျော်မှာ ပစ်ခတ်ခံရလို့ မိတ္ထီလာမြို့ ကုတင် ၅၀၀ တပ်မတော်စစ်ဆေးရုံမှာ ကုသနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

‘’ပစ်တဲ့သူတွေက ဆိုင်ကယ်နဲ့ အိမ်ထဲအထိဝင်ပစ်တာ’’ လို့ လုံခြုံရေးအရ အမည်မဖော်လိုသူပျော်ဘွယ်မြို့ခံ တဦးက ဆိုပါတယ်။

ပစ်ခတ်ခံရသူဟာ ပျော်ဘွယ်မြို့၊ ရွှေပြည်ရန်နိုင်ရပ်ကွက်၊ ပိတောက်မြိုင်လမ်းမှာနေထိုင်တဲ့ အသက် ၆၉ နှစ်အရွယ်၊ တရားလွှတ်တော်ရှေ့နေဦးစံထွန်းဖြစ်ပြီး ပခုံး၊ လက်နဲ့ ရင်အုံမှာ ကျည်ဖောက်ဝင်ဒဏ်ရာလေးချက်ခန့်ရရှိ ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီလိုပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေက ပျော်ဘွယ်မြို့ကနေ မိနစ်သုံးဆယ်ခန့်ကားမောင်းရတဲ့ မိတ္ထီီလာမြို့ စစ်ဆေးရုံကို လူနာတင်ယာဉ်နဲ့ ခေါ်ဆောင်ပြီး အရေးပေါ် ကုသပေးနေတယ်လို့ ဆိုပါတယ်။

ဦးစံထွန်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ပျော်ဘွယ်မြို့နဲ့ရမည်းသင်းမြို့ နှစ်မြို့နဲ့ ဖွဲ့စည်းထားတဲ့ ရမည်းသင်းခရိုင်စီမံ အုပ်ချုပ်ရေးကောင်စီဝင်အဖြစ်ဆောင်ရွက်နေသူဖြစ်ပါတယ်။

ပစ်ခတ်ခဲ့တဲ့သူတွေဟာ ဘယ်သူတွေလဲဆိုတာ အခုထိမသိရသေးပါဘူး။ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်မှာတော့ ပျော်ဘွယ်မြို့နယ်ရှိ ညောင်ကုန်း တိုက်နယ်ရဲစခန်းကို အလယ်ပိုင်းတိုင်းတော်လှန်ရေးမဟာမိတ်များတပ်ပေါင်းစု၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် CRC – PLA က မောင်းပြန်သေနတ်တွေနဲ့ တိုုက်ခိုက်ခဲ့ပါသေးတယ်။