ငါကွ ……… ရွေးကောက်ခံ

နိုဝင်ဘာ၊ ၁၉
 
“ရွေးကောက်ပွဲရလဒ် ဘယ်ပုံ ဘယ်သို့” ဆိုတဲ့ ခေါင်းစဥ်နဲ့ မြစ်ကွေ့စာစဥ် အတွဲ (၂)၊ အမှတ်စဥ် (၂၉) မှာ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ အခု စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နီပြည်နယ်တို့မှာ ၂၀၂၀ ရွေးကောက်ခံလွှတ်တော်အမတ်တွေနဲ့ပတ်သက်ပြီး သတင်းတွေတက်လာတော့ ထပ်ပြောချင်လာတာတွေ ရှိလာလို့ ထပ်ရေးပါတယ်။ အရင်ဆောင်းပါးမှာ ရေးခဲ့တာကတော့ အမတ်တွေဟာ ကိုဗစ် – ၁၉ ကာလမှာ ပြည်သူတွေက တခဲနက် မဲပေးကြတဲ့ ရွေးကောက်ပွဲကနေ တက်လာသူများဖြစ်တာကြောင့် တရားဝင်မှုရှိပြီးတော့ အသိအမှတ်ပြုလေးစားကြရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကို ထောက်ပြဆွေးနွေးခဲ့တာပါ။ ပြီးတော့ ရွေးကောက်ပွဲ ကနေ လာတယ်ဆိုပေမယ့် အခြားတဖက်မှာလည်း (၁) တော်လှန်ရေးကာလမှာ စစ်အာဏာရှင်ကို တော်လှန်တဲ့ ပြည်သူတွေကြားကနေ ပေါက်ဖွားလာတဲ့ အစုအဖွဲ့အသီးသီးတွေရှိတာရယ်၊ (၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ စစ်အုပ်စုက သူတို့ စိတ်ကြိုက်ရေးဆွဲခဲ့တာဖြစ်ပြီး ပြည်သူ့ဆီကလာတာ မဟုတ်တဲ့အပြင် ဒီမိုကရေစီလည်း မပြည့်ဝ ဖက်ဒရယ်လည်းမကျ၊ ပြီးတော့ တော်လှန်ရေးဘက်ကနေ ဖျက်သိမ်းပြီးသားလည်း ဖြစ်တာရယ်၊ (၃) ယခင်ကတည်းက နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာတဲ့ ERO တွေ၊ ဒေသတွေ၊ ရွေးကောက်ပွဲက ကိုယ်စားမပြုတဲ့နေရာ/ပြည်သူတွေရှိတယ်ဆိုတဲ့ အချက်ရယ် အဲ့ဒီအချက် (၃) ချက်ကြောင့် ရွေးကောက်ခံ အမတ်များဟာလည်း ငါတကော မကောကြဖို့ ရေးခဲ့ပါတယ်။ အဓိကအားဖြင့်တော့ အခြားအင်အားစုတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်ကြဖို့ ရေးသားခဲ့တာဖြစ်တယ်။ တော်လှန်ရေးကာလမှာ အပြန်အလှန် အားနည်းစေမှု မဖြစ်စေဘဲ အချင်းချင်းအသိအမှတ်ပြုပြီး ညှိနှိုင်းဆောင်ရွက်ရေးက အရေးကြီးကြောင်း ရေးသားခဲ့တာ ဖြစ်ပါတယ်။
 
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့ ရက်စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထုတ်ပြန်လာတဲ့ သတင်းထုတ်ပြန်ချက် အမှတ် (၁၅/၂၀၂၃) မှာ စစ်ကိုင်းတိုင်းလွှတ်တော်၊ မကွေးတိုင်းလွှတ်တော်၊ တနင်္သာရီတိုင်းလွှတ်တော်တို့က ကြားကာလအစီအမံ၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်ရေး ဆိုင်ရာဥပဒေကြမ်း အတည်ပြုလိုက်တယ်ဆိုတာ ဖတ်လိုက်ရတယ်။ နောက်တစ်ခုကတော့ ကရင်နီပြည်နယ် ကြားကာလလွှတ်တော် ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲက တက်လာတဲ့ တိုင်း/ပြည်နယ်အဆင့် လွှတ်တော်အမတ်များရဲ့ လှုပ်ရှားမှုများ ဖြစ်ပါတယ်။ ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားပြီး ပြည်သူကို တရားဝင်ကိုယ်စားပြုခွင့်ရထားတဲ့ တိုင်း/ပြည်နယ် လွှတ်တော်အမတ်တွေက အခုလို တော်လှန်ရေးထဲ၊ နိုင်ငံရေးဖြစ်စဥ်ထဲမှာ ပါဝင်တာဟာ အခြေခံအားဖြင့်တော့ ဝမ်းသာရမှာသာ ဖြစ်ပါတယ်။ သို့သော်လည်း ဆွေးနွေးစရာတချို့ ရှိနေတယ်။ အမတ်တွေ အနေနဲ့ နိုင်ငံရေးဖြစ်စဥ်ထဲမှာ ဘယ်လိုပါမလဲဆိုတဲ့ ကိစ္စဖြစ်တယ်။ ဒီဖြစ်ရပ်လေးခုကို ကြည့်ခြင်းအားဖြင့် မြင်လာတဲ့ ကိစ္စတချို့ရှိနေပါတယ်။
 
ဒီနေရာမှာ အပိုင်း (၃) ပိုင်းခွဲပြီးတော့ ကျနော် ကြည့်ချင်ပါတယ်။
 
၁။ ကရင်နီပြည်နယ်
၂။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း
၃။ တနင်္သာရီတိုင်း
 
 
၁။ ကရင်နီပြည်နယ်
 
အခြားတိုင်း/ပြည်နယ်တွေမှာ တိုင်း/ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်းနေချိန် ကရင်နီပြည်နယ်ဟာ ဖွဲ့စည်းခြင်း မရှိခဲ့ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EROs) ရယ်၊ နိုင်ငံရေး အစုအဖွဲ့အသီးသီးရယ်ရှိပြီး အချင်းချင်းကြား ပဋိပက္ခမဖြစ်စေလိုတာကြောင့် စောစောလျင်လျင် မဖွဲ့စည်းခဲ့တာလို့ ကျနော် နားလည်မိပါတယ်။ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ၊ ကြားကာလ ကရင်နီပြည်နယ်အုပ်ချုပ်ရေး ကောင်စီတွေ ဖွဲ့စည်းခဲ့ပေမယ့် လွှတ်တော်အမတ်များဟာ လွှတ်တော်မဖွဲ့စည်းခဲ့ကြပါဘူး။
 
လွှတ်တော်ကို မဖွဲ့စည်းခဲ့ကြဘူးဆိုပေမယ့် ကရင်နီလွှတ်တော်အမတ်တွေဟာ နိုင်ငံရေးစုဖွဲ့မှုမှာ အစကတည်းက ပါဝင်ခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ဖွဲ့စည်းချိန် ကတည်းက ၂၀၂၀ ခုနှစ် ရွေးကောက်ခံအမတ်များဆိုပြီး အင်အားစု တစ်ခုအနေနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဆိုလိုတာက ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီရဲ့ လုပ်ငန်းစဥ်တွေထဲမှာ ရွေးကောက်ခံအမတ်များ အစုအဖွဲ့ တောက်လျောက်ပါဝင်ခဲ့တာဖြစ်ပါတယ်။ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီရဲ့ ညီလာခံများ၊ NUCC မှာ အဖွဲ့ဝင်အနေနဲ့ ပါဝင်နေမှုများ၊ ကြားကာလအစီအမံရေးဆွဲခြင်း၊ ကရင်နီပြည်နယ် အသွင်ကူးပြောင်းရေး ကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ ဖွဲ့စည်းခြင်း၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းခြင်း စတဲ့ လုပ်ငန်းစဥ်တွေတိုင်းမှာ ရွေးကောက်ခံအစုအဖွဲ့ ပါဝင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
 
ယနေ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ ကရင်နီပြည်နယ်မှာ ကရင်နီပြည်နယ်ကြားကာလလွှတ်တော်ကို ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက ရေးဆွဲထားတဲ့ ကြားကာလအစီအမံမှာ ဥပဒေပြုရေးကော်မတီလို့ပါရှိပြီး အဲ့ဒီကော်မတီကိုပေးအပ်ထားတဲ့ တာဝန်များဟာ လွှတ်တော်တစ်ခုရဲ့ အခွင့်အာဏာများနဲ့ ညီညွတ်နေတာကြောင့် ကရင်နီပြည်နယ်ကြားကာလဥပဒေပြုကော်မတီကို ကရင်နီပြည်နယ် ကြားကာလလွှတ်တော်အဖြစ် လွန်ခဲ့တဲ့ သြဂုတ်လ (၂၄) ရက်နေ့က အမည်ပြောင်း ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း ထုတ်ပြန်လာတာဖြစ်ပါတယ်။ အဲ့ဒီလို အမည်ပြောင်းတာကိုလည်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီထဲမှာ အဆိုပြုတင်သွင်းဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီကြားကာလလွှတ်တော်ဟာ လွှတ်တော်တစ်ရပ်ရဲ့ တာဝန်တွေဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး/တရားစီရင်ရေးမဏ္ဍိုင်ကို စောင့်ကြည့်ထိန်းညှိရေး၊ နိုင်ငံရေးအင်အားစုများ ညီညွတ်ရေးနဲ့ ပူးပေါင်းပါဝင်ရေး၊ ပြည်တွင်း/ပြည်ပနိုင်ငံရေးအင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်ရေး၊ ပြည်သူတွေရဲ့ လိုအပ်ချက်များအတွက် ချိတ်ဆက်ဆောင်ရွက်ရေးဆိုတဲ့ ငါးချက်ကို ဆောင်ရွက်မှာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဆိုလိုတာက ပုံမှန်လွှတ်တော်ရဲ့ အဓိကဝာာဝန် (၃) ရပ်ဖြစ်တဲ့ ကိုယ်စားပြုရေးတာဝန်၊ ဥပဒေပြုရေးတာဝန်၊ စောင့်ကြည့်ထိန်းညှိရေးတာဝန်တွေကို ဆောင်ရွက်မယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။
 
ကရင်နီပြည်နယ်ရဲ့ ဖြစ်စဥ်ကို ကြည့်မယ်ဆိုရင် နိုင်ငံရေးအင်အားစုအသီးသီး၊ အဖွဲ့အစည်းအသီးသီးဟာ ရွေးကောက်ခံအမတ်တွေကို အသိအမှတ်ပြုတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ရွေးကောက်ခံအမတ်တွေ ဟာလည်း ရွေးကောက်ပွဲကနေ တက်လာတာဆိုပြီး ငါ တကော မကောဘူး။ ရွေးကောက်ပွဲလစ်ဂျစ်တမစ်စီတုတ် ကိုင်မရမ်းဘူး။ ရွေးကောက်ပွဲကနေလာတဲ့ တရားဝင်မှုကို ထိန်းထားသလို အခြားအင်အားစုမျိုးစုံကိုလည်း အလေးထားတယ်။ အသိအမှတ်ပြုတယ်။ အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ကြတာ တွေ့ရမယ်။ ညှိနိုင်းဆောင်ရွက်တာကတော့ လွယ်ကူမှာ မဟုတ်ပါဘူး။ သူတို့မှာ ကြုံရတဲ့ တင်းမာမှုတွေ၊ အခက်အခဲတွေ၊ ပွတ်တိုက်မှုတွေ ရှိပါလိမ့်မယ်။ ဒါပေမယ့် အားလုံးပါဝင်လာတဲ့အခင်းအကျင်းဖြစ်လာအောင် အချိန်ပေးပြီး ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုရမယ်။ သဘောတူညီချက်တွေရအောင် ဆွေးနွေးခဲ့ကြတယ်လို့ ယူဆလို့ရတယ်။
 
၂။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း
 
စစ်ကိုင်းတိုင်းကတော့ နွေဦးတော်လှန်ရေးကာလမှာ လက်နက်ကိုင်တော်လှန်ရေး တော်တော်အားကောင်းတဲ့ ဒေသဖြစ်ပါတယ်။ PDF အဖွဲ့တွေများစွာ လှုပ်ရှားကြပြီးတော့ နယ်မြေတွေကို အတိုင်းအတာတစ်ခုအထိ စိုးမိုးထားနိုင်တဲ့ တိုင်းဖြစ်ပါတယ်။ မြို့တွေပေါ်မှာ စစ်အုပ်စု အုပ်စိုးနိုင်ပြီးတော့ မြို့ပြင်ဒေသ ရွာတွေမှာ PDF တွေ စိုးမိုးတယ်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက လွှတ်တော်အမတ်တွေရဲ့ ပါဝင်မှုကရော ဘယ်လိုရှိသလဲ။
 
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အမတ်တွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ရီလအစောပိုင်းကတည်းက စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ (CRSH) ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုများနဲ့ လက်နက်ကိုင်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့တိုင်းဖြစ်ပြီးတော့ တိုင်းအတွင်းက ပကဖ၊ ပအဖ၊ ပလဖတွေ၊ PDF တွေ၊ အခြားနိုင်ငံရေးအင်အားစုတွေနဲ့ လွှတ်တော်အမတ်တွေဟာ မကြာခဏ ပွတ်တိုက်မှု၊ တင်းမာမှုရှိကြကြောင်း ကြားရလေ့ရှိပါတယ်။ ၂၀၂၃ ခုနှစ်၊ မေလ (၃၀) ရက်နေ့က ကျင်းပခဲ့တဲ့ စစ်ကိုင်းဖိုရမ်မှာ စစ်ကိုင်းလွှတ်တော်အမတ်တွေ ပါဝင်ခြင်းမရှိခဲ့တာဟာ ဒီတင်းမာမှုကို ပြသနေတယ်လို့ မြင်ပါတယ်။ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားအတိုင်ပင်ခံကောင်စီ (KSC) တို့အပါအဝင် တော်လှန်ရေးအစုအဖွဲ့အသီးသီးက စစ်ကိုင်းဖိုရမ်နဲ့ ပတ်သက်ပြီး သဝဏ်လွှာများ ပေးပို့ကြပေမယ့် စစ်ကိုင်းတိုင်းလွှတ်တော်ဟာ နှုတ်ဆိတ်နေခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ မတူညီမှုတွေ၊ သဘောထားမတိုက်ဆိုင်မှုတွေ၊ ကွဲလွဲမှုတွေနဲ့ ရှိနေတာ ထင်ရှားပါတယ်။
 
ဘယ်လိုပဲဖြစ်ဖြစ် စစ်ကိုင်းလွှတ်တော်အမတ်တွေဟာ မြေပြင်တော်လှန်ရေးမှာ ပုံစံမျိုးစုံပါဝင်နေကြတယ်ဆိုတာ လက်ခံရမှာပဲဖြစ်တယ်။ ပြီးတော့ စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီဟာ သပိတ်အင်အားစုတွေ၊ CDM အင်အားစုတွေ၊ အခြားတော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေရှိတာကိုလည်း မြင်တွေ့ရပါတယ်။ တခါသားကဆိုရင် စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွေး၊ အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းတို့နဲ့ မုံရွာလူထုသပိတ်‌‌ကော်မတီ၊ ယင်းမာပင်-ဆားလင်းကြီးကျေးရွာပေါင်းစုံ လူထုသပိတ် ဦး‌ဆောင်ကော်မတီတို့ တွေ့ဆုံတဲ့ ဓာတ်ပုံတွေကို ကျနော် တွေ့လိုက်ပါတယ်။ စစ်ကိုင်းတိုင်းထဲ တစ်နေရာမှာ ထန်းရွက်မိုးထားတဲ့ တဲထဲ လူကိုယ်တိုင် တွေ့ဆုံကြတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအမတ်တွေကို ခြုံပြီးကြည့်မယ်ဆိုရင် တော်လှန်ရေးထဲမှာ ပါဝင်နေပြီးတော့ အခြားသပိတ်တွေ၊ လက်နက်ကိုင်အင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ဆွေးနွေးမှုရှိနေတယ်လို့ ကျနော် မြင်ပါတယ်။ အဲ့ဒီလိုပဲ သုံးသပ်မှုပါတယ်။
 
တနေ့က အတည်ပြုလိုက်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး စစ်ကိုင်းဖိုရမ်ကနေ ဒီနေ့ သဘောထားထုတ်ပြန်ထားတာ တွေ့ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်နှင့်အညီဖြစ်ဖို့၊ အဲ့ဒီပဋိညာဥ်နဲ့ အခြားဖက်ဒရယ်ယူနစ်တွေရဲ့ လုပ်ငန်းစဥ်တွေကို ထောက်ရှုနမူနာယူဖို့၊ တိုင်းတွင်း တော်လှန်ရေးအင်အားစုများအားလုံးပါဝင်ဖို့၊ တန်းတူမှုရှိပြီး ပွင့်လင်းမြင်သာမှုရှိဖို့၊ မြေပြင်အခြေအနေနဲ့ ကိုက်ညီဖို့ သဘောထားထုတ်ပြန်ထားပါတယ်။ အင်အားစုများအားလုံး ကြေကြေလည်လည်ဆွေးနွေးပြီး ဥပဒေ/ကြားကလအစီအမံများ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။ စစ်ကိုင်တိုင်းလွှတ်တော်အမတ်တွေဟာ အခြားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုရှိပေမယ့် အခု အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ရင်တော့ ကြိုတင်သဘောတူညီမှု ရရှိထားခြင်း မရှိဘူးဆိုတာ တွေ့နိုင်ပါတယ်။
 
မကွေးတိုင်းရဲ့ တော်လှန်ရေးလှုပ်ရှားမှုများဟာ စစ်ကိုင်းတိုင်းလောက်တော့ အားကောင်းမှု မရှိပါဘူး။ အားကောင်းမှုမရှိဘူးဆိုတာကလည်း မကွေးတိုင်းကို ညံ့တယ်လို့ ပြောလိုတာ မဟုတ်ဘဲ တစ်တိုင်းနဲ့ တစ်တိုင်း၊ တစ်ဒေသနဲ့ တစ်ဒေသ စိန်ခေါ်ချက်များ၊ အခြေအနေအခင်းအကျင်းများ မတူညီဘူးဆိုတာ နားလည်ဖို့လိုပါတယ်။ မကွေးတိုင်းကို ယေဘုံယျအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းမှာ တော်လှန်ရေး ပိုအားကောင်းတယ်လို့ ပြောလို့ရပါတယ်။ မကွေးတိုင်းအနောက်ခြမ်းရဲ့ လူထုလှုပ်ရှားမှုနဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ အရှေ့ခြမ်းထက် ပိုကောင်းတယ်ဆိုတာ မြင်တွေ့ရပါတယ်။
 
မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ မကွေးတိုင်းလွှတ်တော်အမတ်များနဲ့ အခြားတော်လှန်ရေးအင်အားစုများကြားမှာ တင်းမာမှုတွေ၊ ပွတ်တိုက်မှုတွေ ဖြစ်ကြကြောင်း ကြားခဲ့ရတာတွေ ရှိပါတယ်။ နောက်ပိုင်းမှာ မကွေးတိုင်းလွှတ်တော်ကိုယ်စားပြု ကော်မတီနဲ့ သပိတ်အင်အားစုတွေ တွေ့ဆုံဆွေးနွေးတဲ့ သတင်းတွေကို ဖတ်ရပါတယ်။ ဥပမာ – လွန်ခဲ့တဲ့ စက်တင်ဘာလ (၂) ရက်နေ့က မြိုင်မြို့နယ်အခြေခံပညာ အထွေထွေသပိတ်ကော်မတီ (BEGSC – Myaing)၊ ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ယောလူထုတိုက်ပွဲကော်မတီ (YPRC)၊ ပခုက္ကူလူထုတိုက်ပွဲကော်မတီ (PPRC)၊ မကွေးလူထုတိုက်ပွဲကော်မတီ (MPRC) တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာ (၆) ရက်နေ့ကလည်း မကွေးတိုင်းအတွင်းမှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ မကွေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီက ဆိုရှယ်မီဒီယာမှာ မျှဝေထားပါတယ်။ CDM များနှင့်လည်း တွေ့ဆုံကြောင်း သိရပါတယ်။
ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နဲ့ နှိုင်းယှဥ်ရင်တော့ မကွေးတိုင်းဟာ တော်လှန်ရေးဖြစ်စဥ်တွေမှာ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသလားလို့ စဥ်းစားမိပါတယ်။ မတူညီတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုရှိတယ်ဆိုပေမယ့် သိပ်များများစားစားမြင်တွေ့ရလေ့ရှိတာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် မကွေးလွှတ်တော်ဟာ မနေ့က နိုဝင်ဘာ (၁၇) ရက်နေ့မှာ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကြမ်းကို အတည်ပြုလိုက်ပါပြီ။
 
ကြားရတဲ့ သတင်းကတော့ မကွေးတိုင်းလွှတ်တော်အမတ်များဟာ အင်အားစုတွေကို ခွဲတွေ့တာ၊ မည်ကာမတ္တပဲ တွေ့တာ၊ တွေ့ဆုံဆွေးနွေးမှုရှိတယ်ဆိုရုံမျှပဲ ရှိပြီး ကြေကြေလည်လည်မရှိကြောင်းလည်း ကြားရပါတယ်။ လောလောဆယ်အထိတော့ အင်အားစုအသီးသီး၊ အဖွဲ့အစည်းအသီးသီး သဘောထားထုတ်ပြန်တာ မတွေ့ရှိရသေးပါဘူး။ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
 
၃။ တနင်္သာရီတိုင်း
 
တနင်္သာရီတိုင်းလွှတ်တော်ဟာလည်း ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေ အတည်ပြုပြဌာန်းလိုက်ပါတယ်။ တနင်္သာရီတိုင်းလွှတ်တော်နဲ့ပတ်သက်ပြီး ကျနော် များများစားစား သိရှိထားတာ မရှိပါဘူး။ ၂၀၂၂ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့က ထုတ်ပြန်ထားတဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ တစ်နှစ်ပြည့်အစီရင်ခံစာတော့ ဖတ်ရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ ယေဘုံယျကျသော အချက်အလက်များသာ ရေးသားထားပြီး တိတိကျကျရှင်းရှင်းလင်းလင်း သိရှိရခြင်း မရှိပါဘူး။ တော်လှန်ရေး ကာလဖြစ်တာနဲ့အညီ ထုတ်ဖော်ပြောလို့ မဖြစ်တဲ့ကိစ္စတွေ၊ လုံခြုံရေးအရ သတိထားရတာတွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အစီရင်ခံစာမှာပါတဲ့အချက်အလက်တွေဟာ အခြားလွှတ်တော်အဖွဲ့အစည်းတိုင်း ဆောင်ရွက်နေတဲ့ ကိစ္စရပ်များကို ယေဘုံယျသဘောပြောဆိုထားခြင်းမျှသာ ဖြစ်ပါတယ်။
 
တနင်္သာရီတိုင်းလွှတ်တော်က ဥပဒေကြမ်းကို အတည်ပြုလိုက်တဲ့အချိန်မှာ ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာချက်တွေ၊ မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုမှုတွေ အများအပြား ကြားရပါတယ်။ ကြေညာချက်ထုတ် ကန့်ကွက်ခဲ့တဲ့ အဖွဲ့တွေကတော့ ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့၊ မြိတ်ခရိုင်နိုင်ငံရေးအင်အားစု၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) တို့ဖြစ်ပါတယ်။ ထားဝယ်ခရိုင်ထဲမှာ မြို့နယ် (၄) မြို့နယ်ရှိပြီးတော့ ၂၀၂၂ ခုနှစ်အတွင်းမှာ မြို့နယ်နိုင်ငံရေးဦးဆောင်အဖွဲ့တွေ ဖွဲ့ခဲ့ပါတယ်။ မြို့နယ်နိုင်ငံရေးဦးဆောင်အဖွဲ့တွေမှာ လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်ပါတယ်။ မြိုနယ် (၄) မြို့နယ်က မြို့နယ်နိုင်ငံရေးဦးဆောင်အဖွဲ့တွေကနေ ကိုယ်စားလှယ်များအချိုးကျ လွတ်ပြီး ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များပါ ပါဝင်တဲ့အဖွဲ့အစည်းလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ပြီးတော့ တနင်္သာရီတိုင်းက အစုအဖွဲ့ ၂၁ ဖွဲ့ကလည်း စုပေါင်း ထုတ်ပြန်ကြေညာထားတာရှိပါတယ်။
 
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ညှိနှိုင်းရေးအဖွဲ့ဟာ ဥပဒေကြမ်းအတည်မပြုမီ နိုဝင်ဘာလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ မြိတ်ခရိုင်နိုင်ငံရေးအင်အားစု၊ ကော့သောင်းခရိုင်နိုင်ငံရေးအင်အားစု၊ ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့တို့နဲ့ အလွတ်သဘော ဆွေးနွေးခဲ့ကြတာရှိပြီးတော့ အဲ့ဒီအစည်းအဝေးမှာ ကတည်းက သဘောတူညီမှု၊ ကြေလည်မှု မရခဲ့ကြပါဘူး။ တခြားတဖက်မှာလည်း တနင်္သာရီတိုင်းမှာ ထားဝယ်ခရိုင်နိုင်ငံရေး ဦးဆောင်အဖွဲ့၊ မြိတ်ခရိုင်နိုင်ငံရေးအင်အားစုနဲ့ ကော့သောင်းခရိုင်နိုင်ငံရေးအင်အားစုတွေ တွေ့ဆုံဆွေးနွေးပြီး ဖက်ဒရယ်ယူနစ်တစ်ခုပေါ်ပေါက်ဖို့အတွက် ကြိုးပမ်းနေကြတဲ့ အချိန်ဖြစ်တယ်လို့ သိရတယ်။
 
တနင်္သာရီတိုင်းလွှတ်တော်က ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး ကန့်ကွက်မှုတွေကြည့်ရင် ရှင်းရှင်းလင်းလင်းမြင်ရတာ တစ်ခုရှိတယ်။ အဲ့ဒါကတော့ တိုင်းအတွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုအသီးသီးနဲ့ ဆွေးနွေးညှိနှိုင်းမှု အားနည်းတာပဲဖြစ်တယ်။ သဘောတူညီချက်တွေ မရရှိဘဲ ငါ တကော ကောလိုက်တာကို တွေ့ရတယ်။ ငါတို့က လွှတ်တော်အမတ်ဆိုတဲ့ မာနကို တွေ့ရတယ်။ တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ အခြားအင်အားစုတွေက အမတ်များကို ပစ်ပယ်ထားတာမျိုးလို့တော့ ကျနော် မယူဆပါဘူး။ အဲ့ဒီအစား အမတ်များအပါအဝင် နိုင်ငံရေးအင်အားစုများအားလုံး ပါဝင်တဲ့ အခင်းအကျင်းကနေ နိုင်ငံရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်လိုကြတယ်လို့ မြင်တယ်။ တနင်္သာရီတိုင်းသားတွေက စုစုစည်းစည်းနဲ့ တနင်္သာရီရဲ့ ကံကြမ္မာကိုဖန်တီးလိုကြတယ်လို့ပဲ မြင်ပါတယ်။ လွှတ်တော်အမတ်များအနေနဲ့ အားလုံးနဲ့ ညှိနှိုင်းဆွေးနွေးမှုကို အလေးမထားရင် နိုင်ငံရေးရှေ့ဆက်ရတာ ခက်ပါလိမ့်မယ်။ အဲ့ဒီတော့ မတူညီတဲ့ အင်အားစုများနဲ့ တိုင်ပင်ဆွေးနွေးညှိနှိုင်းပြီးတော့ အတူတူ ရှေ့ဆက်လို့ရမယ့် အခင်းအကျင်းတစ်ခု ဖန်တီးသင့်ပါတယ်။
 
▪သင်ခန်းစာယူလိုက်နာစရာ
 
ဖက်ဒရယ်စနစ်ရဲ့ အားသာချက်တစ်ခုက ပြည်နယ်အဆင့် အစိုးရများစွာရှိပြီး တစ်ပြည်နယ်ရဲ့ အတွေ့အကြုံကို အခြားပြည်နယ်တစ်ခုက လေ့လာခွင့်၊ သင်ခန်းစာယူခွင့်ရှိခြင်းပဲဖြစ်တယ်။ မှားယွင်းမှု၊ အားနည်းချက်၊ စိန်ခေါ်ချက်များကို လေ့လာပြီး သင်ခန်းစာယူနိုင်သလိုမျိုး အားသာချက်၊ ကောင်းမွန်တဲ့ အလေ့အကျင့်များကိုလည်း သင်ယူပြီး မိမိပြည်နယ်မှာ ပိုကောင်းအောင် အကောင်အထည်ဖော်နိုင်ခွင့်ရှိကြတယ်။ ဒီလို ပြည်နယ်အချင်းချင်းကြားကနေ သင်ယူလေ့လာခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းများကို အသုံးချလာနိုင်မှာ ဖြစ်ပါတယ်။ အခုလည်း တိုင်း/ပြည်နယ် (၄) ခုမှာရှိတဲ့ လွှတ်တော်အမတ်များရဲ့ ဆောင်ရွက်ချက်များကိုကြည့်ပြီး အတွေးစပေါ်လာတာ၊ စဥ်းစားဆင်ခြင်စရာတွေ ပေါ်လာမယ်လို့ ယူဆပါတယ်။
 
အပေါ်က ဖြစ်ရပ်များကို ကြည့်တဲ့အခါမှာ နိုင်ငံရေးရည်မှန်းချက်နဲ့ နိုင်ငံရေးဖြစ်စဥ်ဆိုပြီး နှစ်ခု ကြည့်စေချင်တယ်။ နိုင်ငံရေးရည်မှန်းချက်ကတော့ အားလုံးထုတ်ဖော်ပြောထားတဲ့အတိုင်း ဖက်ဒရယ်ဒီမိုကရေစီဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီကို ငြင်းပယ်တာမျိုး မတွေ့ရပါဘူး။ အားလုံး ရည်ရွယ်ရာ နိုင်ငံရေးပန်းတိုင် တူညီကြတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဖက်ဒရယ်လို့ ပြောတဲ့အချိန်မှာ အရေးကြီးလာတာက ပြည်နယ်ယူနစ်တွေဖြစ်ပါတယ်။ အခု တော်လှန်ရေးကာလမှာ ပြည်နယ်ယူနစ်တွေဖွဲ့စည်းရေး၊ ကြားကလအစီအမံများ ချမှတ်ရေးတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးလာကြတယ်။ ဗဟိုကနေမဟုတ်ဘဲ မိမိပြည်နယ်၊ မိမိတိုင်းကို မိမိကိုယ်တိုင် ဖန်တီးတည်ဆောက်ကြဖို့ဖြစ်လာတယ်။ အဲ့ဒီလို ဖန်တီးတည်ဆောက်တဲ့ နိုင်ငံရေးဖြစ်စဥ်မှာတော့ မတူညီကြတာ တွေ့ရတယ်။
 
ကျနော်ကတော့ နိုင်ငံရေးရည်မှန်းချက်ကို သွားတဲ့ နိုင်ငံရေးဖြစ်စဥ်ဟာ အင်မတန်အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီနိုင်ငံရေးဖြစ်စဥ် (Political Process) ကို ကောင်းကောင်းမွန်မွန်မလုပ်နိုင်ဘူးဆိုရင် အင်အားတွေ စုစည်းဖို့ ခက်မယ်၊ ရှေ့ဆက်ချီတက်ရာမှာ အဆင်မပြေဖြစ်မယ်၊ အားနည်းလာနိုင်တယ်။ ဘယ်အထိဖြစ်နိုင်လဲဆို ကျနော်တို့ ရည်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ပါ ဝေးကွာသွားနိုင်ပါတယ်။
 
ဒီဆောင်းပါးရဲ့ ကနဦးမှာ ဆွေးနွေးခဲ့သလို ပြည်သူတွေ မဲပေးထားတာဖြစ်တဲ့အတွက် ရွေးကောက်ခံအမတ်တွေကို ကျနော်တို့ လေးစားအသိအမှတ်ပြုရမယ်။ တပြိုင်တည်းမှာပဲ လက်ရှိအခင်းအကျင်းအရ ပြည်သူကြားကနေ ပေါ်လာတဲ့ တော်လှန်ရေးအင်အားစုတွေရှိတာရယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားဝင်မှု အားနည်းချက်နဲ့ အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပြီးဖြစ်တာရယ်၊ ယခင်ကတည်းက တည်ရှိနေပြီး ရွေးကောက်ပွဲက ကိုယ်စားမပြုတဲ့ ဒေသတွေ/အစုအဖွဲ့တွေရယ်ကြောင့် အမတ်များကိုချည်း ပုံအောထားလို့ မရဘူး။ ကျန်တဲ့ အင်အားစုတွေကိုလည်း အသိအမှတ်ပြုရမှာ၊ လေးစားရမှာသာ ဖြစ်တယ်။ တန်းတူညီတူ ပါဝင်ခွင့်ပေးရမှဦသာဖြစ်တယ်။ အဓိပ္ပါယ်ရှိရှိ ဆွေးနွေးညှိနှိုင်းရမှာသာဖြစ်တယ်။ ဆိုတော့ ရွေးကောက်ခံတွေရော၊ အခြားအင်အားစုတွေရောအားလုံးကို လေးစားတန်ဖိုးထားရမှာသာ ဖြစ်ပါတယ်။ ရည်ရွယ်ရာ ပန်းတိုင်ဆီသွားတဲ့ နိုင်ငံရေးဖြစ်စဥ်တွေထဲမှာ စောစောက ပြောတဲ့ ပါဝင်ပတ်သက်သူများ (Stakeholders) များအားလုံး ပါဝင်မှုကို အလေးထားကြရမှာဖြစ်တယ်။
 
ကရင်နီပြည်နယ်လွှတ်တော်အမတ်တွေရဲ့ ဆောင်ရွက်ချက်ဟာ ဥပမာ ကောင်းတစ်ခုဖြစ်ပါတယ်။ အာဏာသိမ်းပြီးကတည်းက တော်လှန်ရေးမှာ ပါခဲ့တယ်။ ကရင်နီပြည်နယ်ရဲ့ နိုင်ငံရေးအရွ့တွေဖြစ်တဲ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ၊ ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းရေး စတဲ့လုပ်ငန်းတွေမှာ ပါဝင်ခဲ့ကြတယ်။ အခု အားလုံးသဘောတူညီလက်ခံမှုနဲ့ လွှတ်တော်ကို ဖွဲ့ပါတယ်။ ကရင်နီအတိုင်ပင်ခံကောင်စီ ဖေ့စ်ဘုတ်ပေ့ချ်မှာလည်း အဲ့ဒီဖွဲ့စည်းကြောင်းကို မျှဝေထားတယ်။ တကယ်လို့ အဲ့လို ဆွေးနွေးညှိနိုင်းသဘောတူညီချက်ယူ ပူးပေါင်းဆောင်ရွက်မှုသာ မလုပ်ခဲ့ရင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ဖေ့စ်ဘုတ်ပေ့ချ်မှာ တင်တာက လွှတ်တော်ဖွဲ့စည်းကြောင်းမဟုတ်ဘဲ ဖွဲ့စည်းတာကို ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာချက်ဖြစ်သွားပါလိမ့်မယ်။
 
မကွေးတိုင်းကတော့ လွှတ်တော်ကိုယ်စားပြုကော်မတီတွေဟာ အင်အားစုအသီးသီးနဲ့ တွေ့ဆုံဆွေးနွေးတာ ရှိပေမယ့် ဘယ်အတိုင်းအတာအထိ သဘောတူညီမှုရသလဲ၊ ပူးပေါင်းဆောင်ရွက်နိုင်သလဲ ကျနော် မသိပါဘူး။ ကြားကာလအစီအမံဥပဒေကြမ်းကို အတည်ပြုတဲ့အခါ ဘယ်အတိုင်းအတာအထိ ကျေနပ်မှုရကြသလဲ၊ သဘောတူညီမှုရကြသလဲ မသိပါဘူး။ ဆက်လက်စောင့်ကြည့်ရမှာသာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းကတော့ စစ်ကိုင်းဖိုရမ်က သဘောထားထုတ်ပြန်ထားပါတယ်။ ကြိုတင်သဘောတူညီမှု ရရှိထားတာတော့ မရှိဘူးလို့ သုံးသပ်နိုင်ပါတယ်။ အားလုံးဝင်တဲ့ဖြစ်စဥ်၊ လက်ခံနိုင်တဲ့ ဆောင်ရွက်ချက် မဟုတ်ဘူးဆိုတာ စစ်ကိုင်းဖိုရမ်ထုတ်ပြန်ချက်ကနေ တွေ့ရပါတယ်။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဟာ တွေ့ဆုံဆွေးနွေးမှုရှိကြပေမယ့် အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှု၊ တကယ်တန်းဖိုးထားပြီး သဘောတူညီချက်ရအောင် ဆောင်ရွက်မှုတစ်ခုတော့ မဟုတ်သေးဘူးလို့ သုံးသပ်နိုင်ပါတယ်။ ဆိုလိုရင်းကတော့ တိုင်းတွင်း တော်လှန်ရေးအင်အားစု အသီးသီးနဲ့ ဆွေးနွေးညှိနှိုင်း သဘောတူညီမှုရရှိပြီးမှ လုပ်ငန်းစဥ်တွေ ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဘာပဲပြောပြော တနင်္သာရီတိုင်းလောက်တော့ အခြေအနေမဆိုးဘူးလို့ ဆိုရမှာဖြစ်တယ်။ ဘယ်လောက်အထိကောင်းသလဲကတော့ မကြာခင် မြင်ရမှာဖြစ်ပါတယ်။ နောက်ဆက်တွဲ ဖြစ်ပေါ်တိုးတက်လာမှုတွေကို ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်တယ်။
 
▪တခြားတိုင်းဒေသကြီးတွေ
 
ဒီဥပဒေကြမ်းကို အခုအတည်ပြုလိုက်တာက တိုင်း (၃) တိုင်းပဲ ရှိပါသေးတယ်။ အခြားတိုင်းတွေ အများကြီး ကျန်ပါသေးတယ်။ အခြားတိုင်းတွေက တစ်ခါတည်း ဘာလို့ အတည်မပြုကြတာလဲ၊ တခြားအစီအစဥ်ရှိသလား၊ ဒါမှမဟုတ် သဘောတူညီချက်ရဖို့ ဆွေးနွေးညှိနှိုင်းနေကြသလား ကျနော် မသိပါဘူး။
 
ဒါပေမယ့် ကရင်နီပြည်နယ်ဖြစ်စဥ်၊ စစ်ကိုင်းတိုင်း/မကွေးတိုင်းဖြစ်စဥ်၊ တနင်္သာရီတိုင်းဖြစ်စဥ်တွေကို သုံးသပ် ဆင်ခြင်ပြီး ကောင်းမွန်တဲ့ အစီအမံများ ထွက်လာပါစေလို့ ဆုတောင်းပါတယ်။ အဲ့ဒီလို ထွက်လာအောင် ကြိုးစားကြဖို့လည်း တိုက်တွန်းပါရစေ။ ကျနော်တို့ တော်လှန်ရေးကာလမှာ နိုင်ငံရေးဖြစ်စဥ်ကို သွားတဲ့အခါ ငါတို့က ရွေးကောက်ခံအမတ်ဟေ့….. ငါတို့က မြေပြင်တော်လှန်ရေးသမားဟေ့…… ငါတို့က သပိတ်ဟေ့ ဆိုပြီး ကိုယ်သာ အသာဆုံး ကိုယ်သာ ဦးဆောင်သင့်ဆုံးဆိုတာတွေက အဆင်မပြေနိုင်ပါဘူး။ အားလုံးဟာ လာရာတွေ မတူ၊ ဖြစ်တည်ပုံတွေမတူကြပါဘူး။ ရည်ရွယ်ရာ နိုင်ငံရေးပန်းတိုင်တွေတော့ တူကြပါတယ်။ အဲ့လို နိုင်ငံရေး ရည်ရွယ်ချက် ပြည့်မြောက်ဖို့အတွက် အပြန်အလှန်လေးစား၊ အပြန်အလှန် နားထောင်၊ အပြန်အလှန် ဆွေးနွေးကြပြီး သဘောတူညီချက်တွေနဲ့ ရှေ့ဆက်နိုင်မှသာလျှင် ပြည်သူတွေအားလုံး မျှော်လင့်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံဆီ ချီတက်တဲ့ လမ်း ပိုမိုဖြောင့်ဖြူးလာမှာ ဖြစ်ပါတယ်။
 
မြင့်မာန်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၈