တိုက်ပွဲကြားက လွင့်စင်သွားတဲ့ မိသားစုဘဝများ

နိုဝင်ဘာ၊ ၁၉
 
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အလုပ်လက်မဲ့ ဖြစ်နေရတဲ့အပြင် အကိုဖြစ်သူနဲ့ ဝမ်းကွဲအကိုကလည်း မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်သွားတဲ့အတွက် နန်းမို (အမည်လွှဲ)ဟာ တပူပေါ် နှစ်ပူဆင့်သလို ဖြစ်နေရပါတယ်။
 
သိန္နီဇာတိဖြစ်သူ နန်းမိုဟာ တိုက်ပွဲတွေ မဖြစ်ခင်က မူဆယ်မြို့၊ အကင်ဆိုင်တဆိုင်မှာ အလုပ်လုပ်နေပြီး လက်ရှိမှာတော့ အဲဒီအကင်ဆိုင်က ပိတ်လိုက်တာကြောင့် မူဆယ်မြို့မှာ အလုပ်မရှိဘဲ နေနေရတယ်လို့လည်း ဆိုပါတယ်။
 
နန်းမိုရဲ့ အကိုဖြစ်သူနဲ့ ဝမ်းကွဲအကို တို့ကတော့ ကိုးကန့်ဒေသ လောက်ကိုင်မြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ ပန်းရံအလုပ် လုပ်ကိုင်နေရင်းအခုလို တိုက်ပွဲဖြစ်လာလို့ ဇာတိမြေကို ပြန်ဖို့ အကြောင်းဖန်လာတာပါ။
 
ဒါ့ကြောင့် အကိုနှစ်ယောက်ကလည်း တိုက်ပွဲတွေကြောင့် လောက်ကိုင်မှာ အလုပ်အကိုင်မရှိတော့တဲ့အတွက် ဆက်လက်နေထိုင်ဖို့ အဆင်မပြေဖြစ်ကာ နေရပ်ကို ပြန်မယ်ဆိုပြီး အတူတူဆင်းလာရာကနေ အခုလို အဆက်သွယ်မရတော့တာလို့ ဆိုပါတယ်။
 
” (နိုဝင်ဘာလ)၂ ရက်နေ့က အိမ်ပြန်လာမယ်ဆိုပြီး ပျောက်သွားတာ။ လမ်းမှာ တခုခုဖြစ်လားမသိဘူး ” လို့ အသက် ၁၇ နှစ်အရွယ် မနန်းမိုက စိုးရိမ်ပူပန်စွာနဲ့ ပြောပါတယ်။
 
နန်းမိုရဲ့ဇာတိ သိန္ဒီကနေ လောက်ကိုင်မှာ အလုပ်သွားလုပ်ကြတဲ့သူတွေသည်ပင် နိုဝင်ဘာလ ၈ ရက်က ထွက်လာကြပေမယ့် အိမ်ကိုပြန်ရောက်နေကြပြီး နိုဝင်ဘာလ ၅ ရက်က ပြန်လာတဲ့ အကိုနဲ့ ဝမ်းကွဲအကိုတို့ကတော့ အခုအချိန်အထိ ပြန်မရောက်သေးတာပါ။
 
” အဲ့ဒီအချိန်ကနေ အဆက်သွယ်မရတော့ဘူး။ တခြားသူတွေကို မေးလည်း မသိကြဘူး။ ဘာသတင်းမှလည်း မကြားဘူး ” လို့ နန်းမိုက ပြောပါတယ်။
 
လက်ရှိ မိသားစုတွေရှိရာ နေရပ် သိန္နီမြို့၊ နမ့်ခိုက်ရွာဘက်မှာလည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရတဲ့အပြင် ရွာရဲ့အပြင်ဖက်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် မူဆယ်မှာရှိနေတဲ့ နန်းမိုကသာ အကိုဖြစ်သူကို လိုက်စုံစမ်းမေးမြန်းနေရပြီး ခုချိန်ထိတော့ ဘာအဆက်သွယ်မှ မရသေးဘူးလို့ ဆိုပါတယ်။
 
” အိမ်မှာက တော်တော်စိတ်ပူနေပြီ။ သူ့မိန်းမရယ်၊ အမေတို့ရယ် တော်တော်စိတ်ပူနေပြီ။ (အကိုဖြစ်သူ အမျိုးသမီး) ကိုယ်ဝန်ကလည်း ခြောက်လဆိုတော့ ” လို့ နန်းမိုက ဆိုပါတယ်။
 
ပျောက်ဆုံးသူရဲ့အမျိုးသမီးဖြစ်သူကိုလည်း DNA က ဆက်သွယ်ကြည့်ခဲ့ပေမယ့် ဖုန်းလိုင်းအခက်ခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
 
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်မှာ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ဆင်ရေး ၁၀၂၇ အမည်နဲ့ ရှမ်းမြောက်က စစ်ကောင်စီတပ်စခန်း၊ ဂိတ်တွေနဲ့ ရဲစခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင်ခဲ့တာပါ။
 
အဲဒီထိုးစစ်ကြောင့် စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး လူပေါင်း ငါးသောင်းဝန်းကျင် စစ်ရှောင်နေရတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတခုဖြစ်တဲ့ ရန်ကုန်အခြေစိုက် (OCHA-Myanmar) က ထုတ်ပြန်ထားပါတယ်။
 
အဲဒီလို စစ်ရှောင်နေရသူတွေထဲမှာ ဖုန်းလိုင်းနဲ့ အင်တာနက် အခက်အခဲတွေ၊ လမ်းပန်းဆက်သွယ်မှုတွေကြောင့် အဆက်အသွယ်ပြတ်တောက်သွားတာ နန်းမိုတို့ မိသားစုတခုတည်း မဟုတ်ဘဲ အများအပြားရှိပေမယ့် ဘယ်လောက်အတိုင်းအတာရှိတယ်ဆိုတာ မသိနိုင်သေးပါဘူး။
 
နောက်ထပ်ရွှေ့ပြောင်းလုပ်သားတဦးရဲ့ ဇနီးဖြစ်သူကလည်း အမျိုးသားဖြစ်သူနဲ့ ဖုန်းလိုင်းကသာမက အွန်လိုင်းကပါ အဆက်သွယ်မရတာ ဆယ်ရက်လောက်ရှိနေလို့ စိတ်ပူနေရတယ်လို့ နိုဝင်ဘာလ ၁၄ ရက်က ပြောပါတယ်။
 
” လိုင်းကနေလည်း အဆက်သွယ်မရဘူး။ ဘာနဲ့မှ ထပ်မဆက်သွယ်လာဘူး။ အခုက တွေးပူနေရတယ်။ အဆင်မပြေလို့ အလုပ်သွားလုပ်ပါတယ်ဆို ဒုက္ခတွေကလည်း များလိုက်တာ ” လို့ ဇနီးဖြစ်သူက ဆိုပါတယ်။
 
အမျိုးသားဖြစ်သူဟာ လောက်ကိုင်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ ဝရိန်ဆော်တဲ့အလုပ် လုပ်ကိုင်နေသူဖြစ်ပြီး ဇာတိကတော့ မန္တလေးတိုင်း၊ မိတ္ထီလာဘက်ကလို့ သိရပါတယ်။
 
ရှမ်းမြောက်တိုက်ပွဲကြောင့် လောက်ကိုင်က ရွှေ့ပြောင်းလုပ်သားတွေဟာ နိုဝင်ဘာလ ၅ ရက်ကတည်းက လောက်ကိုင်-ချင်းရွှေဟော်-နမ့်တစ် လမ်းကြောင်းကနေတဆင့် နေရပ်ပြန်ဖို့ အများအပြား ဆင်းလာခဲ့ကြရာကနေ လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားက မန်လီရှူးဝါးရွာနဲ့ ပါဆင်ကျော်ရွာကြားမှာ သုံးရက်လောက် ပိတ်မိခဲ့ကြပါသေးတယ်။
 
နိုဝင်ဘာလ ၈ ရက်ကလည်း လောက်ကိုင်ကနေ ဆင်းလာချိန် ၅ ရက်နေ့ကတည်းက ပြန်တဲ့သူတွေနဲ့ အဲဒီပိတ်မိနေတဲ့သူတွေကို ပါဆင်ကျော်ရွာနားမှာ တွေ့ခဲ့ရပြီး အဲဒီနားမှာ တိုက်ပွဲဖြစ်ခဲ့ကြသေးတယ်လို့ တိုက်ပွဲကြားထဲ ကိုယ်တိုင်ရောက်နေခဲ့သူတဦးက သူကြုံတွေ့ရတာတွေကို ပြောပြပါတယ်။
 
” ဘယ်ကနေ ဘယ်လိုပစ်နေတာလဲတော့ မသိဘူး။ သေနတ်သံ၊ ဗုံးသံ တွေကတော့ မရပ်ဘူးဗျ။ ပြေးတော့ ပြေးနေရတာပဲ။ ကျည်ဆံက ကိုယ့်ဘေးက ဖြတ်ပြေးတဲ့ အခါလည်း ရှိတယ်။ ကိုယ့်နောက်က ဝါးပင် ဝင်မှန်တာလည်း ရှိတယ် ” လို့ အဲဒီသူက ဆိုပါတယ်။
 
အဲဒီနေ့တိုက်ပွဲမှာတော့ ထိခိုက်သေဆုံးသူတွေ မရှိပေမယ့် စစ်ရှောင်တွေကတော့ လောက်ကိုင်ဘက်ကို ပြန်ပြေးကြတာ ရှိသလို တချို့ကတော့ ကိုးကန့်တပ် (MNDAA) ရဲ့ ကယ်ဆယ်ရေးကားတွေနဲ့ နမ့်တစ်ဘက်ကို လိုက်သွားကြပြီး သူအပါအဝင် တချို့သူတွေဟာ အိမ်ကိုပြန်ရောက်နေကြပြီလို့ ပြောပါတယ်။
 
ဒါပေမယ့်လည်း ဝပြည် နမ့်တစ်ဘက်ကို ရောက်သွားကြတဲ့ သူတွေအနေနဲ့ကတော့ ကယ်ဆယ်ရေး ကားပေါ် မတက်ခင်မှာ လုံခြုံရေးအရ ကိုယ်နဲ့အတူ ပါလာတဲ့ ဖုန်းနဲ့ ပစ္စည်းတွေ ထားခဲ့ရပြီး အိတ်အသေးနဲ့ ရေကိုပဲ ယူဆောင်ခွင့်ပြုတယ်လို့ သိရပါတယ်။
 
နိုဝင်ဘာလ ၁၁ ရက်မှာတော့ ထောင်နဲ့ချီတဲ့ လူတွေဟာ ပါဆင်ကျော်နဲ့ တဆယ်တန်ဂိတ်မှာ ထပ်မံပိတ်မိကြပြီး အဲဒီနေ့မှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ လူထိခိုက်သေဆုံးမှု ရှိတယ်လို့ သိရပါတယ်။
 
” တော်တော်များများတော့ ထိကြတယ်လို့ ပြောတယ်။ သေဆုံးတွေလည်း နည်းနည်းရှိတယ်ပေါ့နော်။ ကျွန်တော်ထင်တယ် ရှစ်ယောက်လောက်တော့ ရှိမယ်။ တိတိကျကျတော့ မသိရဘူး ” လို့ လောက်ကိုင်ဒေသခံတဦးက ဆိုပါတယ်။
 
ဒါပေမယ့်လည်း ဆက်သွယ်ရေးလိုင်း အခက်အခဲ ရှိနေတာကြောင့် တိတိကျကျတော့ မသိရဘူးလို့ လောက်ကိုင်ဒေသခံက ပြောပါတယ်။
 
လက်ရှိ လောက်ကိုင်မြို့မှာဆိုရင် မြန်မာဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ လုံးဝမရတော့ဘဲ တရုတ်ဖုန်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေကိုသာ အသုံးပြုလို့ ရနေကြတာပါ။
 
ခုချိန်မှာ အလုပ်ကိုင်ရှိနေသေးတဲ့ သူတွေဟာ အလုပ်က ဝိုင်ဖိုင်နဲ့ အင်တာနက်ကို သုံးလို့ရပေမယ့် အလုပ်ကိုင်မရှိတော့တဲ့ လူတွေအတွက်တော့ အင်တာနက်လိုင်း ရရှိဖို့ မလွယ်ကူဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
 
စစ်ဆင်ရေး ၁၀၂၇ စတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကတည်းက ညီနောင်သုံးဖွဲ့တို့ဟာ ချင်းရွှေဟော်မြို့ကို အလုံးစုံ သိမ်းပိုက်ရရှိထားသလို တိုက်ပွဲကြောင့် အရပ်သားတွေဟာ တဖက်ခြမ်း တရုတ်နိုင်ငံထဲကို စစ်ဘေးတိမ်းရှောင်ပြီး ခိုလှုံရကြတာရှိသလို တချို့ကလည်း နမ့်တစ် ဝပြည် ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။
 
တရုတ်ပြည်ထဲကို ထွက်ပြေးတိမ်းရှောင်တဲ့ လူတွေကိုတော့ နိုဝင်ဘာလ လဆန်းပိုင်းကတည်းက တရုတ်ပြည်ဘက်က တာဝန်ရှိသူတွေက မြန်မာနိုင်ငံ ဝပြည် နမ့်တစ်ဘက်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
 
အဲဒီနောက်မှာတော့ “ဝ” အထူးဒေသက အာဏာပိုင်တွေကတဆင့် နမ့်တစ်ကို ရောက်နေတဲ့ စစ်ဘေးရှောင်တွေကို နေရပ်ဆီကိုပြန်ဖို့ အနီးစပ်ဆုံး နေရာတွေထိ လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။
 
ဒါပေမယ့်လည်း လက်ရှိချိန်မှာ နေရပ်ကို ပြန်ရောက်သွားတဲ့ လူတွေရှိသလို ခုထိနေရပ်ကို ပြန်မရောက်သေးဘဲ အဆက်အသွယ် လုံးဝမရသေးတဲ့ လူတွေလည်း ရှိနေသေးပြီး အဲဒီထဲမှာ ကိုဇင်မင်း (အမည်လွှဲ)တယောက်လည်း အပါအဝင်ပါ။
 
” စစ်ရှောင်စခန်းထဲမှာ ပျောက်သွားတာ အဲ့မှာက လူတွေများတော့ ရှာလို့ဘယ်လိုမှ မတွေ့ဘူး။ စခန်းက စကားပြန်တွေကိုလည်း သူ့မှတ်ပုံတင်ပြပြီး မေးတယ်။ ရှာပေးမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့ပြန်လာတဲ့နေ့ထိ ဘာမှမပြောဘူး ” လို့ ကိုဇင်မင်းနဲ့အတူ စစ်ရှောင်စခန်းမှာ ရှိနေခဲ့တဲ့ အမည်မဖော်လိုသူ သူငယ်ချင်းဖြစ်သူက ပြောပြပါတယ်။
 
မန္တလေးမြို့ခံတယောက်ဖြစ်သူ ကိုဇင်မင်း (အမည်လွှဲ)ဟာ သူငယ်ချင်း ၁၃ ယောက်နဲ့အတူ ချင်းရွှေဟော်က တရုတ်သူဌေးတဦးဆီမှာ ဆေးသုတ်လုပ်ငန်းကို သွားရောက်လုပ်ကိုင်ကြတာပါ။
 
တိုက်ပွဲဖြစ်တဲ့ နေ့မှာတော့ စစ်ဘေးရှောင်ရင်း တရုတ်ပြည် မိန်းတိန်စစ်ရှောင်စခန်းထဲကို ရောက်သွားကြရပြီး ဖုန်းနဲ့ ပိုက်ဆံတွေကလည်း စစ်ရှောင်စခန်း မသွားခင်ကတည်းက ယူဆောင်သွားခွင့် မပြုတာကြောင့် ကိုဇင်မင်းပျောက်သွားတဲ့ချိန်မှာ ပါမသွားဘူးလို့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်။
 
ကိုဇင်မင်းနဲ့အတူ စစ်ရှောင်စခန်းထဲ ရောက်သွားကြတဲ့ ကျန်တဲ့သူငယ်ချင်းအားလုံးဟာ နေရပ်ကို ပြန်လည်ရောက်ရှိနေကြပြီဖြစ်ပြီး ကိုဇင်မင်းတယောက်ထဲကသာ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတာပါ။
 
ဒါ့အပြင် ကိုဇင်မင်း ပျောက်ဆုံးနေတယ်ဆိုတာကို သူ့ရဲ့မိသားစုကို ဆက်သွယ်ဖို့ကလည်း သူငယ်ချင်းဖြစ်သူတွေဆီမှာ ဆက်သွယ်စရာ ဘာမှမရှိတာကြောင့် ကိုဇင်မင်းရဲ့အရင်းနှီးဆုံးဖြစ်တဲ့ ကောင်မလေးကိုပဲ ဆက်သွယ်ထားတယ်လို့ ပြောပါတယ်။
 
ကောင်မလေးဖြစ်သူကလည်း ကိုဇင်မင်းရဲ့မိသားစုတွေနဲ့ ရင်းနှီးမှုမရှိတဲ့အပြင် ဆက်သွယ်စရာလည်း ဘာမှမရှိတာကြောင့် ကိုယ့်နည်းကိုယ်ဟန်နဲ့ အွန်လိုင်းတွေပေါ်မှာသာ လိုက်လံစုံစမ်းနေရတယ်လို့ ဆိုပါတယ်။
 
ခုလို အွန်လိုင်းပေါ်မှာ လိုက်လံစုံစမ်းတဲ့ချိန်မှာ ဒါတွေကို အခွင့်ကောင်းယူပြီး ပိုက်ဆံလိမ်လည်ဖို့ ကြိုးစားနေတဲ့လူတွေဟာ ဆက်သွယ်လိမ်လည်တာတွေလည်း ရှိတယ်လို့ ကိုဇင်မင်း (အမည်လွှဲ)ရဲ့ ကောင်မလေးဖြစ်သူက ပြောပြပါတယ်။
 
” လိုင်းပေါ်တင်လိုက်တဲ့ချိန်မှာ ဖုန်းတွေ တောက်လျှောက်ဝင်လာတယ်။ သူတို့ဆီမှာ ရှိတယ်ပေါ့။ ပိုက်ဆံလွှဲပေး ပို့ပေးမယ်ပေါ့။ အဲ့လိုကြုံနေရတယ်။ တကယ်ဆိုရင်တော့ ညီမတို့လည်း လွှဲပေးမှာပါ။ ကိုယ့်လူရောက်ရင်ပြီးရော။ အခုက လိမ်နေမှန်း သိသာတယ် ” လို့ ကိုမင်းဇင်းရဲ့ ချစ်သူ အမည်မဖော်လိုသူ အဲဒီအမျိုးသမီးက ဆိုပါတတယ်။
 
လိမ်လည်သူတွေရဲ့ပြောစကားတွေဟာ ယုံကြည်စရာကောင်းတာ မရှိတဲ့အပြင် တခြားနေရာတွေက စစ်ဘေးရှောင်စခန်းပုံတွေ ပို့ပြီး ပြောဆိုလိမ်လည်နေတာကြောင့် ပိုက်ဆံတွေတော့ လွှဲမပေးလိုက်ဘူးလို့ ဆိုပါတယ်။
 
လက်ရှိမှာတော့ ကိုဇင်မင်းရဲ့ ကောင်မလေးဖြစ်သူနဲ့ သူငယ်ချင်းတွေဟာ ကိုဇင်မင်း သွားရောက်အလုပ်လုပ်ကိုင်တဲ့ တရုတ်သူဌေးဆီကို ဝိုင်းဝန်းရှာဖွေပေးဖို့ အကူညီတောင်းထားပြီး အွန်လိုင်းပေါ်မှာ လိုက်လံစုံစမ်းတာကလွဲလို့ ဘာမှမတတ်နိုင်တဲ့ အနေအထား ဖြစ်နေပါတယ်။
 
လားရှိုးအခြေစိုက် လူမှုကူညီရေးအသင်း တခုကတော့ အဖွဲ့အစည်းကို ဆက်သွယ်အကူညီ တောင်းခံတာ မရှိသလို တချို့နေရာဒေသတွေဟာ ဖုန်းလိုင်းအဆက်သွယ် အခက်ခဲတွေ ရှိတာကြောင့် သတင်းတွေကို သေချာဂဃနဏ မသိရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် တချို့စစ်ဘေးရှောင်စခန်းတွေဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ကောင်းစွာ မရတာကြောင့် အဲဒီလို စစ်ဘေးရှောင်စခန်းတွေမှာလည်း ရောက်ရှိနေနိုင်တယ်လို့ ဆိုပါတယ်။
 
မြန်မာနိုင်ငံကြက်ခြေနီများအသင်းရဲ့ ” မိသားစု ပြန်လည်ဆက်သွယ်ပေးရေး ” ဌာနကတော့ ဒီကာလမှာ သူတို့ရဲ့လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်သလို မြန်မာနိုင်တဝှမ်းက ပြည်သူတွေ လာရောက်ဆက်သွယ် အကူညီတောင်းကြတယ်လို့ ဆိုပါတယ်။
 
၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြောင့် အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးကွဲကွာသူ ငါးထောင်ကျော်နဲ့ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိ အကူညီတောင်းခံလာသူ ငါးထောင်ကျော်ကို အဆက်အသွယ်ပြန်လည်ရရှိစေရန် ကူညီဆောင်ရွက်ပေးခဲ့ပါဖူးပါတယ်။
 
ဒါပေမယ့် လက်ရှိကာလ အနေအထားအရ ကူညီပေးလို့ရတဲ့ အပိုင်းကိုတော့ တဆင့်ချိတ်ဆက်ပြီး ကူညီပေးတာ ရှိသလို ကူညီလို့မရတဲ့ အပိုင်းတွေလည်း ရှိတယ်လို့ မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
 
” လောလောလတ်လတ်ဆိုရင်တော့ လောက်ကိုင်ဘက်မှာဆိုရင် ဘယ်သူမှ သွားလို့လွယ်ကူမှာ မဟုတ်ဘူးပေါ့နော်။ ညီမတို့ရဲ့ကြက်ခြေနီတွေတောင်မှ အဲ့မှာ ပိတ်မိနေကြတဲ့တချို့တွေလည်းရှိနေတော့လေ။ အခြေအနေအရတော့ ခနတော့ ကြည့်နေရသေးတယ်ပေါ့နော် ” လို့ အဲဒီဌာနတာဝန်ရှိသူက ဆိုပါတယ်။
 
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ရှမ်းမြောက်ထိုးစစ်ဟာ နွေဦးတော်လှန်ရေးရဲ့အရှိန်အဟုန်ကိုတဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ အသိအမှတ်ပြုကြသလို အဲဒီမဟာမိတ်သုံးဖွဲ့က နေ့စဉ်ထုတ်ပြန်တဲ့ စစ်ရေးရလဒ်ထုတ်ပြန်ချက်တွေဟာလည်း စစ်အာဏာသိမ်းမှုဆန့်ကျင်သူတွေအဖို့ အားတက်စရာ သတင်းစကားတွေ ဖြစ်ခဲ့ပါတယ်။
 
ဒါပေမယ့် နန်းမိုအပါအဝင် စစ်ပွဲရဲ့ သက်ရောက်မှုကို ကိုယ်တွေ့ကြုံနေကြရသူတွေကတော့ အဲ့ဒီအချက်တွေကို သတိမပြုနိုင်ကြပါဘူး။
 
စစ်ပွဲတွေကြား သေဆုံးသွားခဲ့ရတဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းပူဆွေးနေရသူတွေ၊ ကိုယ်တိုင်အသက်လုပြေးနေရသူတွေ၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒဏ်ရာကို ကုသနေရတဲ့ အရပ်သားတွေ ဒုနဲ့ဒေး ရှိနေသလို နန်းမိုလိုပဲ အဆက်အသွယ်ပြတ်သွားတဲ့ မိသားစုဝင်ဆီက သတင်းစကား မျှော်နေကြသူတွေလည်း အများအပြားပါ။
 
အဆက်အသွယ်ပြတ်တောက်နေတဲ့ အကိုဖြစ်သူအတွက် စိုးရိမ်သောကရောက်နေရတဲ့ နန်းမိုကတော့ သူ့ဆန္ဒကို အခုလိုပဲ တိုတိုတုတ်တုတ်ပြောပါတယ်။
 
” စစ်ဖြစ်တာ မကောင်းဘူး၊ မိသားစုနဲ့ပြန်ဆုံချင်ပြီ “