နိုဝင်ဘာ၊ ၁၉
လုံခြုုံရေးပိုမိုတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာမြို့ပြပြောက်ကျားသပိတ်အင်အားစုတွေက “အဘအတွက် အသေခံမလား၊ ပြည်သူ့ထံအလင်းဝင်မလား မင်းတို့ရွေး”စာသားနဲ့ တိုက်ပွဲဝင်ပြည်သူ့ကာကွယ်ရေးတပ်( PDF) အလံတော်ကို ပန်းဆိုးတန်းခုံးကျော်တံတားမှာ ဒီကနေ့ မနက်အစောပိုင်းမှာ လွှင့်ထူခဲ့ပါတယ်။
ရှမ်းမြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံတဝှမ်း စခန်းသိမ်း၊မြို့သိမ်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် မြို့ရှစ်မြို့ထက်မနည်းအသိမ်းခံထားရသလို ရာနဲ့ချီတဲ့ စခန်းတွေလည်း လက်လွှတ်ဆုံးရှုံးနေရချိန်ဖြစ်ပါတယ်။
ဒါ့အပြင် ရှမ်းမြောက်မှာ တပ်ရင်းလိုက်လက်နက်ချတာရှိသလို လက်နက်ခဲယမ်းအလုံအလောက်ရှိပေမဲ့ ခုခံတိုုက်ခိုက်တာမရှိဘဲ ထွက်ပြေးတာ၊ MRLS လို့ခေါ်တဲ့ ဒုံးပစ်ယာဉ်တွေအပါအဝင် တင့်ကားတွေ ပါ သိမ်း ဆည်းခံနေရချိန် ဖြစ်ပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီတပ်ဟာ စီးပွားရေးနဲ့ နိုင်ငံခြားဆက်သွယ်မှု အရ အရေးပါတဲ့ ရန်ကုန်အပါအဝင် မြို့ကြီးတွေဟာ အင်အားတိုးမြှင့်ချထားနေတဲ့ အချိန်မှာ အခုလို မြို့ပြပြောက်ကျားအဖွဲ့တွေက စစ်ကောင်စီတပ် သားတွေကို အခုလိုတိုက်တွန်းလာတာပါ။
အခုလို အခြေအနေမှာ ပြည်သူ့ဘက်ကို စစ်ကောင်စီတပ်သားတွေအနေနဲ့ လက်နက်ချခြင်း၊ အလင်းဝင်ခြင်း၊ ကြိုတင်ချိတ်ဆက် ခိုလှုံခြင်းတွေနဲ့ ပြည်သူ့ဘက်သို့ အချိန်မီ ပူးပေါင်းရပ်တည်ကြဖို့ကို ပြည်သူလူထုနဲ့ သပိတ်အင်အားစုတွေက လှုံ့ဆော်မေတ္တာရပ်ခံထားကြပါတယ်။
ဒါ့အပြင် ဆက်လက်မြင့်တက် ရိုက်ခတ်လာမယ့် တော်လှန်ရေးလှိုင်းလုံးတွေ၊ တော်လှန်ရေးလှုပ်ရှားမှုများအတွက် လူထုတရပ်လုံး အသင့်ပြင်ဆင် နားစွင့်ထားကြဖို့နဲ့ ပြိုကျယိုင်နဲ့ နေပြီဖြစ်သော စစ်ကောင်စီကို အဆုံးတိုင် ဖြိုချနိုင်ဖို့ ဘက်ပေါင်းစုံမှ တိုက်ပွဲဝင်ကြဖို့လည်း ထပ်မံတိုက်တွန်းထားပါတယ်။