KNU သတိပေးစာထုတ်ပြန်ပြီးနောက် ကော့ကရိတ်ကဌာနဆိုင် ဝန်ထမ်းတချို့ပြောင်းရွှေ့မှုရှိလာ

နိုဝင်ဘာ၊ ၁၈

စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားမှာ ပါဝင်နေသူတွေ ကော့ကရိတ်မြို့နယ်ကနေထွက်ခွာဖို့ နောက်ဆုံး အကြိမ်သတိပေးတယ်လို့ KNUကထုတ်ပြန်ပြီးနောက် ဌာနဆိုင်ရာဝန်ထမ်းတချို့ ဒီကနေ့မှာပြောင်းရွှေ့ မှုတွေ စလုပ်နေကြပြီလို့ ဒေသခံတွေနဲ့ ဝန်ထမ်းတွေကပြောပါတယ်။

“စာထွက်လာတော့ စိုးရိမ်မှုတွေ ဖြစ်လာလို့ ကိုယ့်သဘောဆန္ဒနဲ့ ကိုယ်ပြောင်းတာပါ၊ မိသားစုတွေအကုန်ပါပဲ၊ ဒီနေ့ပဲ ပြောင်း တာ၊ လူကြီးတွေက ဘာမှ မပြောသေးဘူး” လို့ ကော့ကရိတ်မြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ အမည်မဖော်လိုတဲ့ Non-CDMဝန်ထမ်း တဦးက DNA ကို ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(kNU)ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ကျိုက်ဒုံ၊ ကော့ကရိတ်၊ စုကလိနဲ့ ဝေါ်လေမြိုင်မြို့မှာရှိတဲ့ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားမှာ ပါဝင်နေသူတွေအားလုံးတပတ်အတွင်း အမြန်ဆုံး ထွက်ခွာကြဖို့KNU(ဗဟို)က မနေ့ကထုတ်ပြန်ခဲ့တာပါ။ 

ဒီထုတ်ပြန်ချက်ဟာ နောက်ဆုံးအကြိမ်သတိပေးချက်ဖြစ်ပြီး  မလိုက်နာရင်ဖြစ်ပေါ်လာမယ့် နော က်ဆက်တွဲပြဿနာတွေကို တာဝန်ယူ မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ဌာနဆိုင်ရာဝန်ထမ်းတွေကို တစုံတရာ ညွှန်ကြားလာတာမရှိသေးပေမယ့် ကော့ကရိတ်မြို့နယ်အတွင်းက ဌာနဆိုင်ရာဝန်ထမ်း အနည်းဆုံးခြောက်ပုံတပုံလောက် ပြောင်းရွေ့ကြဖို့စီစဉ်နေတယ်လို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ အဓိက မနေရဲကြတော့တာ၊ သွားတားလို့လည်း မရတော့၊ သွားတဲ့သူက သွားကြတယ်၊ ခုတော့ ပြောင်းတဲ့သူက ပြောင်းနေကြပြီ၊အချင်းချင်းတိုင်ပင်ကြတာပေါ့၊ တချို့ကျတော့ မိသားစုကို အရင်သွားပြောင်းကြတာ” လို့ သူကပြောပါတယ်။

ဒါအပြင် တချို့ဌာနဆိုင်ရာရုံးတွေကတော့ ရုံးတခုတည်းမှာ စုပေါင်း အလုပ်လုပ်ကြဖို့ စီစဉ်ထားတာမျိုးတွေလည်း ရှိတယ်လို့ ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးဌာနနဲ့ နီးစပ်သူကပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး ကရင်ပြည်နယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ စောခင်မောင်မြင့်ကို DNA က ဖုန်းနဲ့ လေးကြိမ်ထက် မနည်းဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားပေးခြင်းမရှိပါဘူး။

ဒီကနေ့ ကော့ကရိတ်မြို့တွင်း အခြေအနေအရ ရုံးပိတ်ရက်ဖြစ်နေတာကြောင့် ဌာနဆိုင်ရာရုံးတွေပုံမှန်အတိုင်း လည်ပတ် လုပ်ကိုင်နေခြင်းရှိမရှိ ပြောရခက်နေပြီး လာမယ့် ရုံးဖွင့်ရက်အထိ စောင့်ကြည့်ရမယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ကော့ကရိတ်မြို့ပေါ်က စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာတွေကို ပြီးခဲ့တဲ့ အောက်တိုက်ဘာ ၂၇ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန်ကတည်းက ကော့ကရိတ်မြို့ပေါ်နဲ့ ကျေးရွာတွေဘက်က ပြည်သူထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

အခု  kNU ဘက်က စစ်ကောင်စိလက်အောက်ခံဝန်ထမ်းတွေကို သတိပေးချက်ထုတ်ပြန်လာချိန်မှာလည်း တိုက်ပွဲတွေထပ်ဖြစ်မှာစိုးရိမ်တာကြောင့် မြို့ခံပြည်သူတချို့လည်း ကော့ကရိတ်မြို့ကနေ တိမ်းရှောင်

ဖို့ စီစဉ်နေကြတယ်လို့ ဆိုပါတယ်။

“ဟိုတလောက တိုက်ပွဲဖြစ်ပြီး ငြိမ်သွားတော့ ပြန်လာတာ ရက်ပိုင်းပဲ ရှိသေးတာ၊ အခု ထပ်ပြောင်းဖို့တော့ ရှိတယ်၊ ဘားအံဘက် ကို ဆင်းမလို့ပါ၊ အခြေအနေမကောင်းဘူး၊ ရပ်ကွက်ထဲမှာလည်း လူတွေ မရှိတော့ဘူး၊ မနက်က ဆင်းသွားတဲ့ လူတွေ ရာနဲ့ချီ ရှိနိုင်တယ်” လို့ ကော့ကရိတ်မြို့ခံတဦးကပြောပါတယ်။

လက်ရှိ ကော့ကရိတ်မြို့ပေါ်နဲ့ အနီးတဝိုက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာမရှိပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှု တွေကတော့ ရှိနေဆဲပဲလို့သိရပါတယ်။

ဒါအပြင် မြို့ပေါ်ရပ်ကွက်တွေ၊ စစ်ကောင်စီတပ်စခန်း၊ ကင်းစခန်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေမှာလည်းအင်အား ဖြည့်တင်းပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

KNU ဗဟို  ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီးကလည်း မကြာခင်ကာလအတွင်း ပိုမိုပြင်းထန်တဲ့ လှိုင်းဂယက်တွေ စစ်ကောင်စီကို  ရိုက်ခတ်တော့မယ်လို့ မနေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ရေးဘက်မှာ ဒီထက်ပိုပြီးပြင်းထန်တဲ့ ရိုတ်ခတ်မှုမျိုး ဒီထက်ပိုမိုပြင်းထန်လာတဲ့ ပြည်သူလူထုနဲ့ အတူ လှိုင်းဂယက်လိုမျိုး ကျွန်တော်တို့သယ်ဆောင်လာတော့မှာဖြစ်ပါတယ်”လို့သူကပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုလက်အောက်မှာ တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ အနှေးနဲ့အမြန် ဆုံးရှုံးမှုတရပ်ကိုရင်ဆိုင်ရတော့မှာဖြစ်တာကြောင့် မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်ချပြီး ဘက်ပြောင်းပူး ပေါင်းလာကြဖို့လည်း ပဒိုစောတာနီးက တိုက်တွန်းထားပါတယ်။