ဒီမိုကရေစီ အင်အားစုများ အောင်ပွဲဆင်နိုင်သည်၊ အမေရိကန်၏ အကူအညီကို လိုအပ်သည်

နိုဝင်ဘာ၊ ၁၈

မြန်မာနိုင်ငံမှာ နောက်ဆုံး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ နိုဝင်ဘာ ၈ ရက်မှာ သုံးနှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့ အဲဒီ ရွေးကောက်ပွဲ ရလဒ်တွေကို စစ်တပ်က အာဏာသိမ်းမှုနဲ့အတူ ပယ်ဖျက်ပစ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကို မြန်မာနိုင်ငံ သမိုင်းမှာ လူထု အင်အား အများပြားဆုံး၊ အကွဲပြား အစုံလင်ဆုံး ဆန္ဒပြမှုတွေနဲ့ ဆန့်ကျင်ခဲ့ကြပြီး စစ်တပ်ကလည်း ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တယ်။ မျက်မှောက် ကာလမှာလည်း အာဏာသိမ်း စစ်တပ်ဟာ အရပ်သားတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေ ထိခိုက် ခံစားနေရတဲ့ လူ့အဖွဲ့အစည်းတွေဆီ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်မှုကို တားမြစ်တာ၊ နိုင်ငံရေး အကျဉ်းသားတွေ ထောင်နဲ့ချီ ဖမ်းဆီးထားတာမျိုး လုပ်ရပ်တွေကို ဆက်လက် ကျူးလွန်နေပါတယ်။

 ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ် တချို့ကို ကောက်နုတ်ကြည့်ရင် မြန်မာစစ်တပ်ဟာ စစ်ရေးအရ အကြီးအကျယ် နောက်ကောက်ချ ခံနေရတယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် နိုင်ငံမြောက်ပိုင်းက စစ်မျက်နှာတွေမှာပေါ့။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အင်အားစုစည်းပြီး မဟာမိတ်တွေအဖြစ် စစ်တပ်ကို တိုက်ခိုက်ခဲ့ရာမှာ အောင်မြင်မှုတွေ ဆက်တိုက် ရရှိနေခဲ့ပါတယ်။ အမေရိကန်ရဲ့ ငြိမ်းချမ်းရေး အင်စတီကျုက အဲဒီ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုဟာ စစ်ကောင်စီကို မျှော်လင့်မထားလောက်အောင် ကောင်းမွန်တဲ့ အချိတ်အဆက်မျိုးနဲ့ ထိုးစစ်ဆင်ခဲ့ပြီး စစ်စခန်းပေါင်း ၁၀၀ ကျော်ကို သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဒီ စစ်စခန်း အများစုကတော့ တရုတ်-မြန်မာ နယ်စပ်မှာ တည်ရှိနေတာပါ။ ဒါ့အပြင် စစ်ဗိုလ်ချုပ်တွေအတွက် ဝင်ငွေ ရရှိမှု အသက်သွေးကြော ကုန်သွယ်မှု လမ်းကြောင်းတွေပါ ရပ်ဆိုင်းကုန်ပါတယ်။

 အခုအချိန်မှာအမေရိကန် အနေနဲ့ မြန်မာနိုင်ငံက စစ်အာဏာရှင် ဆန့်ကျင်ရေး မဟာမိတ်တွေရဲ့ အစွမ်းအစနဲ့ အင်အားကို အရှိအတိုင်း လက်ခံပြီး ထွေးပွေ့ လက်ကမ်းသင့်နေပါပြီ။ ဒါဟာ နိုင်ငံရဲ့ ပိုမိုကောင်းမွန်ပြီး ဒီမိုကရေစီ ထွန်းကားတဲ့ အနာဂတ်ဆီ တွန်းအားပေး ပို့ဆောင်မှုလည်း ဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ စစ်တပ် အာဏာသိမ်းမှု မတိုင်ခင်က ၁၀ နှစ်လောက် ကာလထိ ဒီမိုကရေစီ အုပ်ချုပ်ရေး နယ်ပယ်ကို ချဲ့ထွင်နိုင်ခဲ့ပြီး ပြည်သူတွေက အခုအခါမှာ နောက်ကြောင်း ပြန်မလှည့်ချင်ကြပါဘူး။ လူထုရဲ့ ဖီဆန် ရပ်တည်မှုဟာ စစ်အာဏာရှင်တွေ ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာပါ ခိုင်မာ မြင်သာနေပြီး ဒီမိုကရေစီအတွက် ဆက်လက် ရုန်းကန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြည်သူတွေက ပြသနေပါတယ်။

မြန်မာနိုင်ငံမှာ အရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ဆိုရင် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေကသာ တခုတည်းသော လမ်းမှန် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်ဖက်နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကြား မကြုံစဖူး သွေးစည်းနေမှုကို အမေရိကန်က မျက်ဝါးထင်ထင် မြင်ခွင့် ရခဲ့ပါပြီ။ အရင်ကဆိုရင် သူတို့တွေက ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရလာပြီး ကတည်းက အချင်းချင်း ရန်လို တိုက်ခိုက်နေခဲ့ကြတာပါ။ တော်လှန်ရေး လှုပ်ရှားမှုတွေဟာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ များပြားလှစွာသော တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေး အင်အားစုတွေ ပေါ်ထွန်းလာအောင် တွန်းအားဖြစ်စေခဲ့သလို အရပ်ဖက် အဖွဲ့အစည်းတွေမှာလည်း ကွန်ရက် ချိတ်ဆက် ဆောင်ရွက်မှုတွေကို အားကောင်းလာစေပါတယ်။ အခွင့်သာလာရင် သူတို့ဟာ ဒီမိုကရေစီ ပိုမိုပြည့်ဝတဲ့ ဖက်ဒရယ် မြန်မာနိုင်ငံကို တာဝန်ယူ အုပ်ချုပ်နိုင်ဖို့ ပြင်ဆင်နေကြပြီး အမေရိကန်က သူတို့တွေ အောင်မြင်အောင် ကူညီရမှာ ဖြစ်တယ်။

ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေဟာ ထိန်းချုပ်နယ်မြေတွေထဲမှာ ကျောင်းတွေ၊ ဆေးခန်းတွေနဲ့ တခြား အုပ်ချုပ်ရေးဆိုင်ရာ ဌာနတွေကို တည်ထောင်ပြီး ဒေသခံ လူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆင်းပေးနိုင်ဖို့ အားထုတ်နေကြပါတယ်။ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အာဏာ ဖီဆန်တဲ့ အနေနဲ့ အလုပ်ကနေ ထွက်လာခဲ့ကြတဲ့ အစိုးရ ဝန်ထမ်းဟောင်းတွေ၊ ဆရာဆရာမတွေနဲ့ တခြားနယ်ပယ်က ပညာရှင်တွေက အဲဒီ ဌာနတွေကို မောင်းနှင်နိုင်အောင် ကူညီပေးနေကြတယ်။ လုပ်ခလစာတွေနဲ့ တခြား ငွေအလုံးအရင်း လိုအပ်ချက်တွေအတွက် ရန်ပုံငွေတွေ ပံ့ပိုးပေးမယ်ဆိုရင် အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်အားစုတွေနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကို တပေါင်းတစည်းတည်း ကူညီပေးပြီးသား ဖြစ်ပါလိမ့်မယ်။

 စစ်ဘေးသင့် ပြည်သူတွေကို ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ပေးရာမှာ လောလောဆယ် ချဉ်းကပ်တဲ့ နည်းလမ်းက နိုင်ငံရဲ့ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်ကနေတဆင့် တင်ပို့နေတာက အဖြေမှန်တော့ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက အဲဒီ ထောက်ပံ့ရေး ပစ္စည်းတွေ ဘယ်နေရာကို ရောက်စေချင်သလဲ ဆိုတာကို စွက်ဖက် ခြယ်လှယ်ခွင့် ရနေပြီး လွတ်မြောက်နယ်မြေတွေထဲက လူထုဆီ ရောက်မသွားအောင် ပိတ်ပင်နေပါတယ်။ ဒါ့အပြင် အဲဒီ ထောက်ပံ့ရေး ပစ္စည်းတွေကို လက်အောက်ခံ စစ်သားတွေဆီ ရောက်သွားအောင် အလွဲသုံးစား လုပ်နိုင်တဲ့ အလားအလာတွေလည်း ရှိနေပါတယ်။ အမေရိကန်ဟာ ရိက္ခာ၊ ဆေးဝါးနဲ့ တခြား အထောက်အပံ့တွေကို ထိုင်းနဲ့ အိန္ဒိယ နယ်စပ်တွေကနေတဆင့် စစ်အာဏာရှင် ဆန့်ကျင်ရေး မဟာမိတ် အင်အားစုတွေလက်ထဲ တိုက်ရောက် ထောက်ပံ့သင့်ပါတယ်။ ဒါမှသာ တကယ် လိုအပ်နေတဲ့ လူထုဆီ အထောက်အပံ့တွေ ရောက်ရှိပြီး ဒီမိုကရေစီရေး တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

 နောက်ပြီး ဖွံ့ဖြိုးရေး အေဂျင်စီတွေကလည်း ဒီမိုကရေစီရေး အင်အားစုတွေရဲ့ စီမံအုပ်ချုပ်မှု ယန္တရား၊ လုပ်ရည်ကိုင်ရည်နဲ့ တာဝန်ယူမှုတွေအပေါ် ပိုမို အသိအမှတ်ပြုပြီး ဒီမိုကရေစီ နိုင်ငံတခုအတွက် ရည်ရွယ်တဲ့ စံနှုန်းတွေအတိုင်း တိုက်ရိုက် ထောက်ပံ့ ကူညီပေးသင့်ပါတယ်။ ဒါဟာ အမေရိကန် လွှတ်တော်က ပြဋ္ဌာန်း သတ်မှတ်လိုက်တဲ့ Burma Act ဥပဒေနဲ့ ညီညွတ်တဲ့ လုပ်ငန်းမျိုးတွေ ဖြစ်နိုင်ပြီး လောလောဆယ်ထိတော့ အကောင်အထည် ပေါ်မလာသေးပါဘူး။

 အာဏာသိမ်း စစ်တပ်ကို ဖီဆန်ပြီး ကျောခိုင်းတဲ့ လှုပ်ရှားမှုမှာ အရပ်ဖက် ဝန်ထမ်းတွေသာ မကဘဲ စစ်သား တော်တော်များများလည်း ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ စစ်တပ်ထဲမှာ တပ်ပြေး အရေအတွက်ကလည်း တောက်လျှောက် တက်ရိပ်ပြနေတယ်။ ပြီးခဲ့တဲ့လတုန်းက ရှမ်းပြည်နယ်မှာ တပ်ရင်းတခုလုံး လက်နက်ချတဲ့ ဖြစ်စဉ်မျိုး ပေါ်ပေါက်ခဲ့တယ်။ တော်လှန်ရေး လှုပ်ရှားမှုတွေက အဲဒီလို လက်နက်ချ အလင်းဝင်လာသူတွေကို ထွေးပွေ့ကြိုဆို လက်ခံပေးခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်ဟာ အခြေခိုင်မာပြီး ငွေကြေးအင်အား တောင့်တင်းတဲ့ အဖွဲ့အစည်းကြီး ဖြစ်နေပါတယ်။ အဓိက အကြောင်းတရား တခုက နိုင်ငံပိုင် စွမ်းအင် တင်ပို့မှုက ရရှိတဲ့ ဝင်ငွေ အရင်းအမြစ်တွေကို ထိန်းချုပ်ထားနိုင်လို့ပါ။ စစ်တပ်အတွက် အသက်သွေးကြော ဖြစ်နေတဲ့ ဝင်ငွေ စီးဝင်မှုတွေကို ပိုပြီး ထိထိရောက်ရောက် ပစ်မှတ်ထားဖို့ လိုပါတယ်။ အခုလည်း အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ် ပြဋ္ဌာန်းထားတယ် ဆိုပေမယ့် လက်တွေ့ တင်းကျပ်မှုတွေ၊ အကောင်အထည် ဖော်မှုတွေက သိပ်ပြီး ထူးထူးခြားခြား ဖြစ်မလာသေးပါဘူး။ ခဏတဖြုတ်လောက် အားစိုက်ပြီး နောက်ပိုင်း လျှောချသွားတဲ့ ကိစ္စမျိုးဟာ အဆင်မပြေဘူး ဆိုတာကို ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုတွေက လောလောဆယ် ထိရောက်မှု အားနည်းလာတဲ့အပေါ် သင်ခန်းစာ ယူနိုင်ပါတယ်။ ဒီအခြေအနေတွေကို တုံ့ပြန်ဖို့အတွက် ဒီမိုကရေစီ လိုလားတဲ့ သုတေသီတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ ကျွမ်းကျင်သူတွေ ပူးပေါင်းပြီး အရေးယူ ပိတ်ဆို့မှု ကြေညာချက်တွေနဲ့ လက်တွေ့ အကောင်အထည် ဖော်မှုတွေကြားက ကွာဟချက်တွေကို ထောက်ပြဖို့၊ ပိတ်ဆို့မှုတွေ ပိုမို မြှင့်တင်လာအောင် တွန်းအားပေးဖို့ ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။ အဲဒီ နည်းလမ်းကို အမေရိကန်မှာလည်း အတုယူ ကျင့်သုံးသင့်ပါတယ်။ ပိုမိုတင်းကျပ်အောင် အသစ်သတ်မှတ်သင့်တဲ့ အရေးယူမှုတွေက မြန်မာနိုင်ငံရဲ့ ဓာတ်ငွေ့ တင်ပို့မှုအတွက် ငွေကြေး ပေးချေမှုတွေကို ကန့်သတ်စေတာ၊ လေယာဉ်ဆီ တင်သွင်းမှုတွေကို ချိုးနှိမ်တာတွေ ဖြစ်သင့်ပါတယ်။ ဒါဟာ စစ်တပ်က အရပ်သား ပြည်သူတွေအပေါ် လူမဆန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်နေတာကိုပါ အဆုံးသတ်သွားစေနိုင်တဲ့ ခြေလှမ်းမျိုးပါပဲ။

 စစ်တပ်ဟာ သူတို့ရဲ့ နိုင်ငံရေး ထွက်ပေါက်အတွက် အချိန်ဆွဲဖို့ ရွေးကောက်ပွဲတခု ကျင်းပမလိုလို ထင်ယောင်ထင်မှား မျှော်လင့်ချက်တွေ ပေးနေပြန်တယ်။ တချို့ကလည်း ရွေးကောက်ပွဲတွေဟာ အကြမ်းဖက် ရန်လိုမှုတွေကို အဆုံးသတ်သွားစေမယ်လို့ ယုံချင်သလိုလို ဖြစ်နေတယ်။ ဒါပေမဲ့ နားလည်သင့်တာက စစ်မှန်မှု မရှိတဲ့ ရွေးကောက်ပွဲတွေဟာ ငြိမ်းချမ်းရေးဆီ ဦးမတည်နိုင်ပါဘူး။ ယုံကြည် စိတ်ချရလောက်တဲ့ ဒီမိုကရေစီ ကူးပြောင်းမှုကသာ တရားလက်မဲ့ သတ်ဖြတ်မှုတွေကို ဆုံးခန်းတိုင်စေပါလိမ့်မယ်။ စစ်တပ်က ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကိစ္စ နားယောင်နေတာထက် နိုင်ငံတကာ အသိုက်အဝန်းရဲ့ တကယ်တမ်း အားထုတ်မှုဟာ စစ်တပ်ကို ဖြုတ်ချရေးအတွက်ပဲ ပထမဦးစားပေး ဖြစ်နေဖို့ လိုပါတယ်။ လက်ရှိ ကာလဟာ မြန်မာ စစ်ခေါင်းဆောင်တွေ အနေနဲ့ အကျပ်အတည်းတွေကို အဆုံးသတ်ဖို့ တခုတည်းသော နည်းလမ်းဟာ သူတို့တွေ စစ်တန်းလျား ပြန်ပြီး ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးအတွက် ဒီမိုကရေစီရေး မဟာမိတ် အင်အားစုတွေနဲ့ ညှိနှိုင်း  သဘောတူဖို့ ဆိုတာကို နားလည် လက်ခံသွားအောင် ​ဝိုင်းတွန်းကြရမယ့် အချိန်ပါ။

 မြန်မာ ပြည်သူတွေအတွက် နိုင်ငံတကာ အသိုက်အဝန်းက ပင်ပင်ပန်းပန်း အားထုတ်ပေးနေစရာ မလိုပါဘူး။ သူတို့အတွက် ပိုမို အားပေး ပံ့ပိုးမှုတွေကိုပဲ လိုတာပါ။ အခုလို အရေးပါလှတဲ့ အချိန်မျိုးမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဒီမိုကရေစီ အင်အားစုတွေကို စနစ်ကျတဲ့ ပံ့ပိုးမှုတွေ ပေးစွမ်းတာဟာ အနာဂတ် ဒီမိုကရေစီ လမ်းကြောင်းတခု ရှိနေဆဲ ဆိုတာကို ပြသရာလည်း ရောက်ပါလိမ့်မယ်။

 (National Endowment for Democracy၏ ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ် ဒေမွန် ဝီလ်ဆန်က ရေးသားပြီး Washington Post သတင်းစာတွင် ဖော်ပြခဲ့သည့် Myanmar’s pro-democracy forces can win. They need our help to do so ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)