ရွှေကျင်က စစ်ကောင်စီတပ်စခန်းတခုကို KNLA ပူးပေါင်းတပ်သိမ်းပိုက်

နိုဝင်ဘာ၊ ၁၇
 
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ (၃၅၁) တပ်ရင်း အခြေစိုက်တဲ့ တပ်စခန်းတခုကို ဒီကနေ့မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အဲဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)က ထုတ်ပြန်ပါတယ်။
 
ရွှေကျင်မြို့နယ်တောင်ဘက် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းပေါ်က ကျားချောင်းရွာ အနီးမှာရှိတဲ့ တောင်ခြေရင်း စစ်စခန်းတခုကို ပူးပေါင်းတပ်တွေက ဒီကနေ့မနက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ်နှစ်ဆယ်လောက် အပြန်အလှန် ပစ်ခတ်ပြီးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို အတိအကျ မသိရပေမယ့် စခန်းတခုလုံးကိုတော့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ BPLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
အဲဒီတိုက်ပွဲကနေ လက်နက်အနေနဲ့ ၆၀ မမ တလက်ရခဲ့ပြီး လက်နက်ငယ်သိမ်းဆည်းရမိတာ မရှိပေမယ့် ၅ ဒသမ ၅၆ ကျည် ၁၂၀၀ နီးပါး၊ ၆၀ မမ ဗုံးသီး ၅၂ လုံး၊ Jammer တခု အပါအဝင် ခဲယမ်းတချို့၊ မြေမြှုပ်မိုင်းနဲ့ စစ်အသုံးအဆောင်တချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – BPLA