ကိုးကန့်ဒေသ ဥက္ကဌဟောင်း သားကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ်

နိုဝင်ဘာ၊ ၁၆
 
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌဟောင်း ပယ်စောက်ချိန်ရဲ့ သားဖြစ်သူ ပယ်ရင်ချန်ကို အွန်လိုင်းလိမ်လည်မှု အပါအဝင် ပြစ်မှုများစွာနဲ့ ကိုးကန့်တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ စစ်ကောင်စီက နိုဝင်ဘာလ ၁၆ ရက်က ထုတ်ပြန်ပါတယ်။
 
ကိုးကန့်ဒေသမှာ အွန်လိုင်းလိမ်လည်မှုတွေ၊ အဲဒီအမှုတွေနဲ့ ဆက်စပ်ကျူးလွန်တဲ့ လူကို သွေးဆောင်ခေါ်ယူမှုတွေ၊ လူပြန်ပေးမှုတွေ၊ တရားမဝင်ချုပ်နှောင်မှု၊ ခြောက်လှန့်တောင်းယူမှုတွေ ကျူးလွန်တာ၊ ကျူးလွန်ဖို့ အားထုတ်တာ၊ အားပေးကူညီတာ ကျူးလွန်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 
ဒါဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းလိမ်လည်မှုတွေနဲ့ပတ်သတ်ပြီး တရုတ်အစိုးရက နှိမ်နင်းနေချိန်မှာ စစ်ကောင်စီက အခုလို ထုတ်ပြန်လာတာပါ။
 
တရုတ်အစိုးရကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်က ပယ်ရင်ချိန်ကို အွန်လိုင်းလိမ်လည်မှု အပါအဝင် ရာဇဝတ်မှုတွေ ကျူးလွန်သူအဖြစ် ဖမ်းဝရမ်းထုတ်ခဲ့ပြီး တရုတ်ယွမ်ငွေ တသိန်းကနေ ငါးသိန်းအထိ (တယွမ်ကို မြန်မာငွေ ၁၆၀ ဝန်းကျင်)ချီးမြှင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ပြည်တွင်းသတင်းတွေ ဖော်ပြနေတဲ့ News Ambassador (သတင်းတမန်)သတင်းဌာနကတော့ စစ်ကောင်စီဟာ ပယ်စောက်ချိန်ကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ နေပြည်တော်ကို လေကြောင်းနဲ့ ခေါ်ဆောင်သွားပြီး ကြိုတင်ကာကွယ်ပေးပြီးမှ အခုလို ကြေညာတာလို့ တပ်တွင်းသတင်းရင်းမြစ်ကို ကိုးကားရေးသားထားပါတယ်။
 
ဒါ့အပြင် ပယ်စောက်ချိန်ကို အမှန်တကယ်ဖမ်းဆီးပါက တရုတ်နိုင်ငံကို လွှဲရမှာဖြစ်တာကြောင့် စစ်ကောင်စီတပ် အရာရှိတွေ၊ ပြည်သူ့စစ်တွေ ကျားဖြန့်(ငွေလိမ်လုပ်ငန်း)မှာ ပါဝင်သတ်ပတ်နေတာ ပေါ်ကုန်နိုင်တယ်လို့လည်း ရေးသားထားပါတယ်။
 
ကိုးကန့်တပ်ဖွဲ့စည်းရာမှာ ပါဝင်ခဲ့တဲ့ ပယ်စောက်ချိန်ဟာ ၂၀၀၉ ခုနှစ်မှာ စစ်တပ်က ပြည်သူ့စစ်အသွင်ပြောင်းချိန်မှာ လက်မခံခဲ့တဲ့ ဖုန်ကြားရှင်ကို ဖယ်ရှားပြီး ကိုးကန့်ဒေသ ပြည်သူ့စစ်အကြီးအကဲ ဖြစ်လာတာပါ။
 
ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်အနိုင်ရပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဖြစ်လာခဲ့တာပါ။
 
ပြီးခဲ့တဲ့ မေလက အသက် ၇၄ နှစ်ပြည့်ခဲ့တဲ့ ပယ်စောက်ချိန်မွေးနေ့ကို စစ်ကောင်စီတပ် လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစမှူး)အပါအဝင် စစ်တပ်နဲ့ ရဲအရာရှိ အားလုံးသွားရောက်အလေးပြုခဲ့တယ်လို့လည်း သတင်းတမန်က ဖော်ပြထားပါတယ်။
 
စစ်ကောင်စီဟာ မကြာသေးခင်ကလည်း တရုတ်က အလိုရှိနေတဲ့ ကိုးကန့်ဒေသဦးစီးအဖွဲ့ ခေါင်းဆောင်ဟောင်း မြင်ရွှေချမ်း (ခ)မင်ရှောက်ချန်း အပါအဝင် သားနဲ့ သမီး၊ မြေးလေးဦးတို့ကို ဖမ်းဝရမ်းထုတ်ထားပါတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီ