မြို့နယ်တချို့က စီးပွားရေးဘဏ်နဲ့ စိုက်ဘဏ်က ငွေတွေ နီးစပ်ရာ တပ်တွေမှာထားဖို့ ညွှန်ကြား

နိုဝင်ဘာ၊ ၁၆

စစ်ကောင်စီရဲ့ စီးပွားရေးအရ အားထားရတဲ့ မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် က ငွေကြေးတွေကို နီးစပ်ရာတပ်ရင်းဌာနချုပ်တွေမှာ သွားရောက်သိမ်းဆည်းဖို့ ညွှန်ကြား လိုက်တယ်လို့ မြန်မာ့စီးပွားရေးဘဏ်အရာထမ်းတချို့ထံက သိရပါတယ်။

ရှမ်းမြောက်၊ စစ်ကိုင်းနဲ့ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတဝှမ်းက မြို့နယ်တချို့တွေမှာ တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်တာ ကျယ်ပြန့်လာပြီးတဲ့နောက် အခုလို ညွှန်ကြားတာလို့ ဆိုပါတယ်။

“ တိုက်ပွဲက မြို့ပြအထိ ဖြစ်လာလို့ ဆုံးရှုံးမှုတွေ မရှိအောင် ကြိုတင်ကာကွယ်ထားတဲ့ သဘောနဲ့ ပြောင်းရွေ့ခိုင်းထားတာပါ။” လို့ အမည်မဖော်လိုတဲ့ မြန်မာ့စီးပွားရေးဘဏ် လက်ထောက်မန်နေဂျာတဦးက DNA ကို ပြောပါတယ်။

အဲဒီညွှန်ကြားချက်ကို အခုလက်ရှိ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြတဲ့ စစ်ကိုင်း၊ မကွေး၊ ရှမ်းမြောက်၊ ရခိုင်အပါအဝင် ကရင်၊ မွန် အစရှိတဲ့ မြို့နယ်တချို့ကို သာ အရေးပေါ် ညွှန်ကြားထားတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာစစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ရုံးစိုက်ရာ ကောလင်းမြို့ကို နိုဝင်ဘာလ ၆ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ခရိုင်မြန်မာ့စီးပွားရေး ဘဏ်မှ လက်ကျန်ငွေသားကျပ်သိန်း ၉,၅၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီလ ၁၃ ရက်ကစပြီးတကျော့ပြန်တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မာန်အောင်၊ ရမ်းဗြဲ၊ ပေါက်တော၊ မြောက်ဦးနဲ့ ဘူးသီးတောင်မြို့နယ်တွေက မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့လယ်ယာစိုက်ပျိုးရေး ဘဏ်တွေက ငွေကြေး တွေကို စစ်ကောင်စီတပ်တွေက သယ်ယူရွှေ့ပြောင်းသွားတယ်လို့ ဒေသတွင်းသတင်းတွေဖော်ပြတဲ့ Western News က ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်ဒီနှစ်အောက်တိုဘာလ ၂၇ ရက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး စတင်ပြီးနောက် ရှမ်းမြောက်ပိုင်းအပါအဝင် မြို့နယ်တချို့မှာ မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးကို အရှိန်အဟုန် ကောင်း ကောင်းနဲ့ တော်လှန်ရေးအင်အားစု မဟာမိတ်အဖွဲ့တွေက ဖော်ဆောင်လာတဲ့အတွက် ကျေးလက်တွေသာမက မြို့ပြတွေအထိပါ စစ်ရေးပြင်းထန်လာတာ ဖြစ်ပါတယ်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းက ကွမ်းလုံ၊ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)အပါအဝင် ငါးမြို့နယ်ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားနိုင်သလို စစ်ကိုင်းတိုင်း ကောလင်း၊ ခမ်းပတ်မြို့တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ထိတွေ့တိုက်ပွဲပြင်းထန်နေတဲ့ မြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့  မြန်မာ့ စီးပွားရေးဘဏ်၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်တွေကို လုံခြုံရေးအပြည့်ချထားပြီး တချို့မြို့နယ်တွေမှာ ဘဏ်ငွေကြေးတွေကို နီးစပ်ရာ တပ်ရင်းတွေနဲ့ လုံခြုံတဲ့စခန်းတွေမှာ သိမ်းဆည်းဖို့ကို အခုရက်ပိုင်းအတွင်းမှာ စ ညွှန်ကြားလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ တမြို့နယ်နဲ့ တမြို့နယ်က မတူဘူးလေ။ အားလုံးလည်း မဟုတ်ပါဘူး။ သိမ်းတဲ့အခါကျတော့ တချို့ကျ ရဲစခန်းတွေမှာ၊ တချို့ကျ တော့ တပ်ရင်းတွေမှာ သိမ်းခိုင်းတာပေါ့။ ငွေသားသွားပို့ရင် လုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ ဘဏ်ဝန်ထမ်းပါရမယ်၊” လို့ မွန်ပြည်နယ်၊ မြန်မာ့စီးပွားရေးဘဏ်အရာထမ်းတဦးက ပြောပါတယ်။